ပြည်သူ့နီတိဆိုတာ မွေးစကနေ သေဆုံးတဲ့အထိ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်လို့ ဆိုပြန်ရင်လည်းမမှားပါဘူး။

လူရယ်လို့ ဖြစ်လာရင် ပြည်သူ့နီတိဆိုတာ မဖြစ်မနေကျင့်သုံးရမယ့် လူ့ကျင့်ဝတ်တစ်ခုပါ။

Photo: Their World

ပြည်သူ့နီတိဆိုတာ မွေးစကနေ သေဆုံးတဲ့အထိ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်လို့ ဆိုပြန်ရင်လည်းမမှားပါဘူး။ ပြည်သူ့နီတိကို နောက်တစ်နည်းပြောရရင် လူ့အခွင့်အရေးကို ဆိုလိုတာပါ။ လူ့အခွင့်အရေးကို အခြေခံတဲ့ ပြည်သူ့နီတိမှာတော့ လူသားချင်းစာနာတတ်မှု၊ သနားညှာတာတတ်မှု၊ လွတ်လပ်စွာကိုးကွယ်ခွင့်မှုတွေ ပါဝင်တာဖြစ်ပါတယ်။ ပြည်သူ့နီတိကိုဘာသာရပ်တစ်ခုအနေနဲ့ ကျောင်းတွေမှာထည့်သွင်းသင်ကြားပေးကြပေမယ့် ဘာသာရေးကို အခြေခံတဲ့ ပြည်သူ့နီတိတွေ ဖြစ်နေတာတွေ့ရပါတယ်။ တစ်ကယ်တော့ ပြည်သူ့နီတိဆိုတာ လူ့အခွင့်အရေး၊ လူသားဆန်မှုကို စံတစ်ခုအဖြစ် သတ်မှတ်သင်ကြားသင့်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ပညာရေးဝန်ကြီးဌာနရဲ့ သင်ရိုးသစ်မှာ လူ့အခွင့်အရေးကို ပိုအလေးပေးတဲ့ ပြည်သူ့နီတိသင်ရိုးသစ်တွေ ပါဝင်လာနေပါပြီ။


ကလေးရဲ့ အသက်အရွယ်အလိုက် သင်ကြားသင့်တဲ့ပြည်သူ့နီတိ

အိမ်မှာ မိဘနဲ့ အတူနေထိုင်ရင်း အမူအကျင့်ကောင်းတွေ ဖြစ်လာအောင်သင်ကြားတာက ပြည်သူ့နီတိဖြစ်သလို ကျောင်းမှာဆိုရင်လည်း ပြည်သူ့နီတိအတွက် စာသင်ချိန်တစ်ခုသတ်မှတ်သင်ကြားရပါတယ်။

KG တန်းမှာ ရိုးသားခြင်းနဲ့ ပတ်သက်ပြီးတော့ သင်ကြားမယ်ဆိုရင် ဥပမာ- ဆရာမက ပစ္စည်းပျောက်သွားရင် ဘယ်လိုဖြေမလဲ။ အမှန်အတိုင်းပြောရမယ်နော် စသဖြင့် ကလေးရဲ့အသက်အရွယ်နဲ့ နားလည်နိုင်အောင် ပြောပြသင်ကြားပေးရတာဖြစ်ပါတယ်။

Grade-2 မှာတော့ ပုံပြင်တွေဖတ်ခိုင်းတာ၊ ပုံပြင်ထဲက ဇာတ်ကောင်၊ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အကျိုးအပြစ်တွေကို ပြန်ပြောပြတာ စသဖြင့် သင်ကြားနိုင်ပါတယ်။ အတန်းကြီးလာလာလေ ကလေးရဲ့ အသိဉာဏ်ကိုလိုက်ပြီး ပြည်သူ့နီတိကျင့်ဝတ်တွေကို သင်ကြားပေးနိုင်ပါတယ်။

ယဉ်ကျေးခြင်းလို့ ဆိုရင်လည်း ယဉ်ကျေးတယ်ဆိုတာ ဘာလဲ။ အပြန်အလှန်လေးစားမှု (Respect) ဆိုတာဘာလဲတွေကို ကလေးတွေတဖြည်းဖြည်းနဲ့သိလာအောင် သင်ကြားပေးဖို့လိုပါတယ်။

Photo: Advent World

တန်ဖိုးထားခြင်းဆိုတာဘာလဲ

အရင်ဆုံးအနေနဲ့ တန်ဖိုးထားခြင်းဆိုတာ ကိုယ့်ပစ္စည်းပျောက်ရင် မကြိုက်သလို သူများပစ္စည်းကိုလည်း မလုပ်ရဘူးဆိုပြီး အခြေခံကစသင်ပေးလို့ရပါတယ်။ နောက်ကျရင်တော့ တပါးသူရဲ့ ကိုးကွယ်တဲ့ဘာသာတရား၊ လိင်စိတ် ကွဲပြားခံယူမှု စသဖြင့် သူတစ်ပါးရဲ့ တန်ဖိုးထားမှု၊ ဖြစ်တည်မှုတို့ကို လှောင်ပြောင်တာ၊ပုတ်ခတ်စော်ကားခြင်းတွေကို မပြုလုပ်ဖို့ ပြောပြတာ စသဖြင့် ကလေးရဲ့ အသိဉာဏ်ဖွံဖြိုးမှုအလိုက် အဆင့်ဆင့်သင်ကြားပေးသင့်ပါတယ်။

Photo: CBC

မိမိကိုယ်တိုင်လိုက်နာကျင့်သုံးရမယ့် ပြည်သူ့နီတိ

ကလေးတွေကိုပြည်သူ့နီတိသင်ကြားပေးတဲ့ မိဘတွေ၊ ဆရာဆရာမတွေအနေနဲ့ မိမိကိုယ်တိုင်လိုက်နာကျင့်သုံးရမယ်ဆိုတာအရေးကြီးဆုံးအချက်ပါပဲ။ ပထမဆုံးအဆင့်အနေနဲ့ မိဘ၊ဆရာ/ဆရာမတွေကိုယ်တိုင်က ပြည်သူ့နီတိကျင့်ဝတ်ကို နားလည်ပြီး ကျင့်သုံးရမှာပါ။ ကလေးကို အချိုမစားနဲ့ လို့ ပြောဖို့ဆိုရင် အရင်ဆုံးမိမိကိုယ်တိုင် အချိုရှောင်ဖို့လိုပါတယ်။ မိဘ၊ ဆရာ/ဆရာမတွေကိုယ်တိုင်ကို ရံဖန်ရံခါ အလွယ်ဝေဖန်ပြောဆိုလိုက်တာမျိုးတွေ ရှိပါတယ်။ ဥပမာ- “သူတို့က ကုလားတွေ၊ အသားကလည်း မည်းတူးနေတာပဲ “ စသဖြင့် ပြောလိုက်တာတွေက သူတစ်ပါးရဲ့ ဖြစ်တည်မှုကို လှောင်ပြောင်တဲ့အသုံးအနှုန်းဖြစ်စေနိုင်တာကို ကိုယ်တိုင်သတိပြုဖို့လိုအပ်ပါတယ်။ သင်ကြားမယ့်သူ ကိုယ်တိုင်က ခွဲခြားဆက်ဆံမယ့်သူမဖြစ်အောင်၊ လူသားဆန်တဲ့သူတစ်ယောက်ဖြစ်အောင် နေထိုင်ပြီး ကလေးတွေအတွက် စံပြဖြစ်နေရမှာပါ။

Photo: Faith Magazine

မိသားစု၊ မောင်နှမတွေကြား သင်ယူရမယ့်ပြည်သူ့နီတိ

ကလေးဆိုတာ အတုယူတတ်တဲ့အရွယ်ဖြစ်တာကြောင့် မိဘကိုယ်တိုင်က အပြောအဆိုမယဉ်ကျေးတာ၊ ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့ အရေးကြီးပါတယ်။ ကလေးတွေရှေ့မှာ မပြောသင့်တာမပြောရအောင် ကိုယ်တိုင်က ပြုပြင်နေထိုင်ဖို့ လိုပါတယ်။ မိဘတွေအနေနဲ့ ကလေးကို ဘာမလုပ်နဲ့၊ ညာမလုပ်နဲ့ဆိုတာထက် ကိုယ်တိုင် မလုပ်ဖို့ အရေးကြီးပါတယ်။ ကိုယ်တိုင်က Role Model ဖြစ်နေဖို့ အဓိကပါ။ မိဘက ပြည်သူ့နီတိကျင့်ဝတ်အတိုင်း ရိုးသားမယ်၊ ယဉ်ကျေးမယ်၊ ခွဲခြားဆက်ဆံတာတွေ မရှိဘူးဆိုရင် ကလေးက အဲ့ဒီတိုင်းပဲ ပြုမူနေထိုင်မှာဖြစ်ပါတယ်။ နည်းလမ်းအများကြီးတွေနဲ့ သင်စရာမလိုပါဘူး။

မောင်နှမတွေနဲ့ အတူနေထိုင်ရင်းလည်း ပြည်သူ့နီတိကျင့်ဝတ်ကို သင်ယူဖို့ လိုပါတယ်။ မောင်နှမတွေအကြား ပစ္စည်းမလုဖို့၊ ဝေမျှသုံးစွဲတတ်ဖို့၊ အကြီးက အငယ်ကို သနားညှာတာတတ်မှု၊ အငယ်က အကြီးကို ရိုသေမှု၊ အပြန်အလှန်လေးစားတတ်မှု စတဲ့ အချင်းချင်းဆက်ဆံရေးတွေကအစ ပြည်သူ့နီတိကျင့်ဝတ်တွေကို သွန်သင်သွားဖို့လိုအပ်ပါတယ်။

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် တစ်ချို့မိဘတွေက သင်ပေးတတ်ပါတယ်။ သူများလုပ်ရင် မခံလာနဲ့ဆိုပြီး ပြောတတ်ကြပါတယ်။ ဒီလိုပြောလိုက်တာက ကလေးကို အနိုင်ကျင့်တတ်လာအောင် တွန်းပို့လိုက်သလိုပဲ။ ဒါဟာလွဲမှားတဲ့ ပြည်သူ့နီတိလို့ ဆိုရမှာပါ။ ဒါကြောင့် မိဘတွေအနေနဲ့ ဒီလိုပြဿနာမျိုးတွေမှာ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့နည်းလမ်းကို ကောင်းကောင်းသိပြီး ကလေးကို လမ်းပြပေးနိုင်ဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။

Photo: Linda

ဒီမိုကရေစီနိုင်ငံအတွက် မရှိမဖြစ် ပြည်သူ့နီတိ

ပြည်သူ့နီတိဆိုတာ တစ်ဦးချင်းစီကနေ ပြည်သူအားလုံးမှာရှိရမယ့် စံနှုန်းတစ်ခုဖြစ်ပါတယ်။ ပြည်သူ့နီတိကို အလွယ်ဆုံး အဓိပ္ပာယ်ဖွင့်ဆိုရရင် ကိုယ်ချင်းစာတရားရှိမှုလို့ ဆိုရမှာပါ။ ဘယ်သူတွေတရားပျက်ပျက် ကိုယ်တရားမပျက်ပါ ဆိုတာ ပြည်သူ့နီတိက အခြေခံလာတာဖြစ်ပြီး တစ်သက်လုံး လက်ကိုင်ထားရမယ့်ကျင့်ဝတ်ပါ။ ခေတ်မှီတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ရပ်ဖြစ်လာဖို့ဆိုရင် လူတိုင်းက လူကြီးလူကောင်းဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက ပြည်သူ့နီတိအလေ့အကျင့်ကောင်းတွေရှိထားဖို့ အထူးအလေးထားသင်ကြားပေးမှသာ နောင်အနာဂတ်မှာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီရဲ့ အနှစ်အရသာကို အပြည့်အဝခံစားရရှိနိုင်မှာ အသေအချာပါပဲ။

သတင်းဆောင်းပါးပါ အချက်အလက်များကို Nway Oo Home Schooling အဖွဲ့က အကြံပြုမျှဝေထားခြင်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က