ခါချဉ်ကောင်တွေထောင်းစားရတဲ့ အဓိကအကြောင်းအရင်းကတော့ ထမင်းမြိန်စေဖို့ပါ။

ရှမ်းပြည်နယ်က ဧရိယာကျယ်ဝန်းပြီး တိုင်းရင်းသားမျိုးနွယ်စုများစွာနေထိုင်တဲ့ ပြည်နယ်တစ်ခုပါ။

Photo: Ewoke

တစ်နေရာနဲ့ တစ်နေရာ မြေမျက်နှာသွင်ပြင်၊ရာသီဥတုချင်း မတူညီကြတဲ့အတွက် သူတို့ နေ့စဉ်နေထိုင်စားသောက်ကြတဲ့ အစားအသောက်ပုံစံကလည်း ကွဲပြားပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင်ရှမ်းလူမျိုးများသာမကပဲယွန်း၊ အင်းသား၊ ယင်းနက်၊ ယင်းကျား၊ တောင်ရိုး ၊ ဓနု၊ ပအိုဝ်း ၊ ပလောင် စတဲ့တိုင်းရင်သားတွေအပါအဝင် အခြားသော တိုင်းရင်းသားများသွာလည်းနေထိုင်ကြပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံသလို မျိုးနွယ်စုအလိုက်စားသောက်လေ့ရှိတဲ့ ထူးခြားတဲ့အစားအသောက်တွေလည်းအများကြီးရှိနေပါတယ်။ ဒီနေ့မှာတော့ Duwun Lifestyle Food အစီအစဉ်ကနေ ပအိုးဝ်လူမျိုးတွေရဲ့ထူးခြားတဲ့အစားအသောက်တစ်မျိုးဖြစ်တဲ့ ခါချဉ်ထောင်းဟင်းလျာအကြောင်းကို တင်ဆက်ပေးသွားမှာပါ။

Photo: Jackie M

နေထိုင်မှုပုံစံနဲ့ရိုးဓလေ့ကိုညွှန်းဆိုနေတဲ့ ပအိုးဝ်တွေရဲ့ခါချဉ်ထောင်း

တိုင်းရင်းသားတွေစားသောက်လေ့ရှိတဲ့ ဟင်းလျာတွေထဲမှာ နေ့စဉ်အာဟာရအဖြစ် အင်းဆက်တွေပါဝင်နေကြပြီး ဒီအင်းဆက်ဟင်းလျာတွေကလည်း သူတို့ရဲ့ နေထိုင်မှု ဓလေ့ကို ထင်ဟပ်ပြသလေ့ရှိပါတယ်။ ရှမ်းပြည်နယ်က ပအိုဝ်းဒေသစာတွေထဲမှာထဲဆိုရင် ချည်ဖြုံးဖြုံး အရသာရှိတဲ့ ခါချဉ်ထောင်းကလည်း သူတို့လူမျိုးတွေအတွက်ကတော့ အထူးဟင်းလျာတစ်မျိုးလို့ ပြောရမှာပါ။ ဓနုလူမျိုးတွေလည်း ခါချဉ်ထောင်းကိုစားကြတယ်လို့ ဒေသခံတွေရဲ့အဆိုအရသိရပေမယ့် ဟင်းလျာအဖြစ်ဖန်တီးစားသောက်ရာမှာတော့ ကွဲပြားမှုတွေရှိနေပါတယ်။ 

“ ပအိုဝ်းတွေက အဓိက ခါချဉ်ကိုစားကြတယ်။ ဓနုတွေကော တခြား ရှမ်းတိုင်းရင်းသားတချို့လည်းစားကြပါတယ်။ အဓိကက တောတောင်တွေနဲ့ နီးစပ်တာလည်းပါတော့ ရှာရတာလည်းလွယ်ကူတာပေါ့။ ဒီကလူမျိုးတွေအနေနဲ့သာ ခါချဉ်ထောင်းကို စားလေ့ရှိပေမယ့် မြေပြန့်ဒေသကအလည်လည်လာတဲ့သူတွေဆို မစားရဲကြဘူး။ ဒီကတော့ ဒေသအစားအစာတစ်ခုလိုဖြစ်နေတာကို ။ ခါချဉ်ထောင်းက ကျန်းမာရေးအတွက်လည်းကောင်းတယ်။ ခန္တကိုယ် ယားတာတွေဘာတွေပျောက်တယ်”လို့ ဓနုလူမျိုးတစ်ဦးကပြောပါတယ်။

Photo: Jackie M

ဘယ်လိုအချိန်မှာ ခါချဉ်ထောင်းကိုစားကြသလဲ

ရှမ်းပြည်နယ်မှာဆိုရင် ခါချဉ်ကို ငရုတ်သီး၊ မြေပဲတို့နဲ့ ထောင်းစားကြသလို ကြော်လည်းစားကြပါတယ်။ ဧပြီလကုန်နောက်ပိုင်းလောက်မှာတော့ ခါချဉ်ပေါပေါသီသီထွက်လေ့ရှိတယ်လို့ သိရပါတယ်။ စျေးထဲမှာဆိုရင် ပအိုဝ်းအမျိုးသမီးကြီးတွေ ငှက်ပျောဖတ်လေးတွေအပါ်မှာ ခါချဉ်တွေကို စုပုံရောင်းလေ့လည်းရှိပါတယ်။ သူတို့အရပ်ဒေသမှာဆိုရင်တော့ မြေပြန့်ဒေသကလူတွေလို မရမ်းသီးထောင်း၊ သရက်သီးထောင်းတို့လိုပဲ အရသာက ချဉ်ဖြုံးဖြုံးနဲ့ ထမင်းစားမြိန်တယ်လို့ ဆိုကြပါတယ်။

Photo: My Food Myanmar

ခါချဉ်ကောင်တွေကို ဘယ်လိုထောင်းမလဲ

ပအိုးဝ်တိုင်းရင်းသားလူမျိုးတွေစားလေ့ရှိတဲ့ ခါချဉ်ထောင်းဟာဆိုရင် အရင်ဆုံး ခါချဉ်ကို ရေဆေးတွေကိုရေဆေးပြီး ဒယ်အိုးတစ်လုံးနဲ့ အကောင်ဘေးတွေ ကြွပ်သွားအောင်အရင်လှော်ပါတယ်။ မီးဖုတ်ထားတဲ့ မျှင်ငါးပိနဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတောင့်တို့ကို အသင့်ပြင်ထားပြီး ဆုံထဲမှာမြေပဲနဲ့အတူ ကြက်သွန်ဖြူ ၊ငရုတ်တို့ကို ထောင်းပြီး လှော်ထားတဲ့ ခါးချဉ်ကောင်တွေကို ရောထည့်ကာ အသာလေးထောင်းပါ။ နောက်ဆုံးမှ မျှင်ငါးပိထည့်ထောင်းရတာဖြစ်ပါတယ်။ ခါချဉ်ထောင်း အရသာက ခါချဉ်ရဲ့ ကွဲပြားတဲ့ အချဉ်အရသာကြောင့်ထူးခြားပါတယ်။ ထောင်းလိုက်တဲ့အခါ ချဉ်ဖြုံးဖြုံးအရသာအပြင်အငံ၊ အစပ်အရသာလေးပါ ပါဝင်သွားတာကြောင့် ချဉ်ငံစပ် အရသာကိုပေါ်လွင်စေပြီး ထမင်းစားမြိန်စေတဲ့ အရံဟင်းလျာတစ်ခွက်ဖြစ်တယ်လို့ ဆိုကြပါတယ်။

တိုင်းရင်းသားတွေဟာ အင်းဆက်တွေကို မြေပြန့်ဒေသကလူတွေထက် ပိုမို ကျယ်ကျယ်ပြန့်ပြန့်စားသုံးကြပါတယ်။ တိုင်းရင်းသားတွေထဲမှာမှ ရှမ်းတိုင်းရင်းသားတွေက ပိုပြီး စားသုံးလေ့ရှိတယ်လို့ သိရပါတယ်။

Photo: My Food Myanmar

ဘာလို့ခါချဉ်ထောင်းစားရတာလဲ

ခါချဉ်ကောင်တွေထောင်းစားရတဲ့ အဓိကအကြောင်းအရင်းကတော့ ထမင်းမြိန်စေဖို့ပါ။ အသိပညာဗဟုသုတနည်းပါးနေသေးတဲ့ လူမျိုးစုတွေအတွက်တော့ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေဆိုတာထက် ထမင်းမြိန်စေဖို့အတွက်ကိုပဲရည်ရွွယ်တာပါ။ ခါချဉ်ကောင်တွေရဲ့အရသာက အချဉ်ဓာတ်ပါဝင်တဲ့အတွက်နှုတ်မြိန်စေတာမို့ ခါချဉ်ကောင်ပေါများတဲ့ရာသီမှာ ပအိုးဝ်လူမျိုးတွေအကြိုက်ဖြစ်ပြီး ထမင်းဝိုင်းတွေမှာ မပါမဖြစ်ဟင်းလျာတစ်မျိုးအဖြစ်မြင်တွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်ရောက်ခဲ့မယ်ဆိုရင် ခါချဉ်ကောင်ပေါတဲ့ရာသီတဲ့ကြုံကြိုက်ခဲ့မယ်ဆိုရင် ပအိုးဝ်ရိုးရာခါချဉ်ထောင်းဟင်းကို မြည်းစမ်းကြည့်ခဲ့သင့်ပါတယ်။ ခါချဉ်ထောင်းဟင်းလျာက တကယ်ပဲထမင်းမြိန်စေလားဆိုတာကတော့ ကို်ယ်တိုင်ကြံုမှပဲသိရမှာပါ။ 


Share

Loading Next Article...
က္က