မြို့ခံ ပြိုင်ဖက် ယူနိုက်တက်က ဂိုးပြတ်အနိုင်ရထားချိန် စပါးနဲ့ အဖွင့်ပွဲမှာ အဓိက ကစားသမားအချို့ မပါဝင်နိုင်တာ မန်စီးတီးအတွက် ဖိအားပိုမို သက်ရောက်နိုင်စေပါတယ်။
တနင်္ဂနွေနေ့မှာ ကစားရမယ့် လန်ဒန်ကလပ် စပါးအသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲကို မန်စီးတီး တောင်ပံ ကစားသမား ဒီဘရိုင်း လွဲချော်ဖို့ ရှိနေပါတယ်။
ယူရို ၂၀၂၀မှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် အသင်းရဲ့ လေ့ကျင့်ရေးကို အပြည့်အဝ ဆင်းနိုင်ချိန်ဟာ နည်းပါးနေသေးတာလည်း ဖြစ်ပါတယ်။
“တစ်နေ့ထက် တစ်နေ့ ပိုပြီး ကောင်းလာတယ်ဆိုပေမယ့် စောင့်ကြည်နေရပါသေးတယ်။ လေ့ကျင့်ခန်း အပြည့် အဝ မလုပ်နိုင်သေးပါဘူး။နောက်နေ့မှာ အခြေအနေကို စောင့်ကြည့်သွားရပါမယ်။”လို့ နည်းပြ ဂွါဒီယိုလာက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အသက် ၃၀ရှိပြီ ဖြစ်တဲ့ ဒီဘရိုင်းဟာ မနှစ်က ဘောလုံးရာသီမှာ PFAတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သလို မန်စီးတီးနှင့်အတူလည်း လိဂ် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
ဒီဘရိုင်းနည်းတူ မနှစ်က လူငယ် အကောင်းဆုံးဆု ရရှိခဲ့တဲ့ ဖိုဒန်ဟာလည်း ခြေဖဝါး ဒဏ်ရာကြောင့် အဖွင့်ပွဲ မပါနိုင်မယ့်အပြင် တစ်လခန့် အနားယူရဖို့ ရှိနေပါတယ်။
မန်စီးတီးရဲ့ မြို့ခံ ပြိုင်ဖက် ယူနိုက်တက်အသင်းကတော့ အဖွင့်ပွဲမှာ လိဒ်ယူနိုက်တက်အသင်းကို ၅-၁ဂိုးနဲ့ လှလှ ပပ အနိုင်ယူပြီး အဖွင့်လှထားလို့ လက်ရှိ ချန်ပီယံ မန်စီးတီးအတွက် စပါးနဲ့ပွဲက ဖိအားအချို့ ရှိနေနိုင်ပါတယ်။