မနက်အိပ်ယာနိုးထချိန်မှာ စားသုံးတဲ့ မနက်စာဟာ လူတိုင်းအတွက် အရမ်းကို အရေးပါပါတယ်။ အမျိုးသမီးတွေအတွက်ဆို ပိုလို့တောင် အရေးပါပါသေးတယ်။ မနက်စာ စားကျင့်မရှိတဲ့ အမျိုးသမီးတွေက နေ့စဉ် မနက်စာ စားတဲ့သူတွေနဲ့ယှဉ်ရင် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများပြီး မနက်စာ မစားဘဲ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေက ဆီးချိုရောဂါ ဖြစ်နိုင်ခြေ 54% ပိုများကြောင်း စစ်တမ်းတွေအရသိရပါတယ်။
နံနက်စာကို မစားဘဲနေမယ်ဆိုရင် ခန္ဓာကိုယ်အလေးချိန်ကို ပိုတိုးစေနိုင်တာဖြစ်လို့ အာဟာရပြည့်ဝတဲ့ မနက်စာကို နေ့စဉ်စားသုံးဖို့ လိုအပ်ပါတယ်။ ကိုယ်နေ့စဉ် စားသုံးနေတဲ့ မနက်စာတွေဟာ အာဟာရပြည့်ဝရဲ့လား ဆန်းစစ်ကြည့်ကြရအောင်။
squarespace-cdn.com
၁။ ဂျုံ
မနက်စာကို ဂျုံနဲ့ ပြုလုပ်ထားတဲ့ မနက်စာတွေ စားသုံးဖို့ လိုပါတယ်။ ဂျုံစားသုံးခြင်းဟာ အဝလွန်ခြင်းကို ထိန်းချုပ်ပေးခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေခြင်း ၊ ရင်သားကင်ဆာဖြစ်နိုင်ခြေ လျှော့ချပေးနိုင်ခြင်း၊ နှလုံးရောဂါကို ကာကွယ်ပေးခြင်းတို့ ကို ပြုလုပ်ပေးပါတယ်။ ဂျုံနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေကတော့ အီကြာကွေး၊ နံပြား ၊ ပလာတာ ၊ ပေါင်မုန့် ၊ ပေါက်စီ ၊ ခေါက်ဆွဲ စတဲ့ မနက်ခင်းစာတွေပဲဖြစ်ပါတယ်။ သတိထားရမှာက ဆီတွေ အိုင်ထွန်းနေတဲ့ ဂျုံမုန့်တွေကို စားသုံးတာမျိုးတော့ ရှောင်ကြဉ်ပါ။
မနက်စာစားရခြင်းရဲ့ ကောင်းကျိုးတွေ အကြောင်းကို Health Care Attendant တစ်ဦးဖြစ်တဲ့ ဦးမျိုးမင်းဦးက ခုလိုပြောပါတယ်။
“မုန့်ဟင်းခါးကို ပုံမှန်စားလို့ရတယ် ဒါပေမယ့် အရမ်းကြီး အစပ်တွေ၊ ငံပြာရည်တွေ ထည့်စားမယ်ဆိုရင်တော့ သွယ်ဝိုက်သော နည်းလမ်းနဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်။ မနက်စောစောကို ကော်ဖီသောက်ကြတာမျိုးကလည်း ခန္ဓာကိုယ်အတွက် အဆင်မပြေဘူး။
အာဟာရမပြည့်ဝတဲ့ မနက်စာကို စားမယ်ဆိုရင် စားလိုက်တဲ့ အချိန်ခဏလေးအတွင်းမှာတော့ ထိခိုက်မှုမရှိနိုင်ဘူး။ ဒါပေမယ့် ရေရှည်မှာ ကိုယ်အသက်ကြီးလာပြီဆိုရင် ကျန်းမာရေးထိခိုက်လာစေနိုင်တယ်။ ငယ်ငယ်တုန်းက အငန်တွေ တောက်လျှောက်စားလာပြီဆိုရင် အသက်ကြီးလာရင် သွေးတိုးေရာဂါတွေ ဖြစ်လာနိုင်တယ်။ ကျွန်တော်တို့နိုင်ငံမှာတော့ အခြေခံစားသောက်ကုန်တွေက များတယ်။ ဂျုံကို အခြေခံပြီး စားသွားမယ်ဆိုရင်တော့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုအပိုင်းမှာ အများကြီးတိုးတက်ပြောင်းလဲလာနိုင်တယ်။ အာဟာရပြည့်ဝတဲ့ မနက်စာကို ထိထိမိမိစားမယ်ဆိုရင် လုပ်ငန်းခွင်မှာ အလုပ်လုပ်တဲ့ အချိန်မှာလည်း အားအင်အပြည့်နဲ့ သူများထက် ပိုပြီး ရှေ့ရောက်နိုင်မယ်။ လူကြီးတွေမှာလည်း အာဟာရပြည့်တဲ့ မနက်စာတွေ စားမယ်ဆိုရင် သူတို့မှာ လျော့နည်းနေတဲ့ ဗီတာမင်ဓာတ်တွေကို အစားအစာတွေကနေ ရရှိနိင်ပါတယ်။ အာဟာရပြည့်ဝတဲ့ မနက်စာတွေရဲ့ ကောင်းကျိုးတွေပဲပေါ့။”
၂။ နို့နဲ့ နို့ထွက်ပစ္စည်း
မနက်စာအတွက် စားသုံးပေးသင့်တဲ့ အစားအစာတွေထဲမှာ နို့နဲ့နို့ထွက်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မနက်စာအဖြစ် စားသုံးပေးခြင်းအားဖြင့် အမျိုးသမီးတွေ အသက် ၄၀ ကျော်အရွယ်မှာ ဖြစ်ပွားတတ်တဲ့ အရိုးပွရောဂါကို ကာကွယ်ပေးပြီး အသားဓာတ်၊ အဆီဓာတ်၊ ကယ်လ်စီယမ်၊ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ရရှိစေနိုင်ပါတယ်။
၃။ ဉအမျိုးမျိုး
မနက်စာစားဖို့ အသင့်တော်ဆုံး အာဟာရအပြည့်ဝဆုံးထဲမှာ ဉအမျိုးမျိုးလည်း ပါဝင်ပါတယ်။ ဉတွေဟာ ဈေးအသက်သာဆုံးနဲ့ ပရိုတင်းဓာတ်အကြွယ်ဝဆုံး အစားအစာတွေပါ။ အစားအစာကနေ ရရှိသင့်တဲ့ အမိုင်နိုအက်ဆစ်ဓါတ်အားလံုးကို ဉတွေ ကနေ ရရှိနိုင်ပါတယ်။ကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး ဦးနှောက်နဲ့ မျက်ဉာဏ်စွမ်းအားကို ကောင်းမွန်စေပါတယ်။ အမြင်အာရုံကျန်းမာရေးပြဿနာတွေ ၊ ကြွက်သားနာကျင်မှုပြဿနာတွေကိုလည်း ကာကွယ်ပေးတဲ့ အစားအစာပဲဖြစ်ပါတယ်။
kitchenstories.io
၄။ ဆန်
ဆန်နဲ့ပြုလုပ်ထားတဲ့ အရာတွေကလည်း မနက်စာအဖြစ် စားသုံးဖို့ သင့်တော်တဲ့အစားအစာတွေပဲဖြစ်ပါတယ်။ ဆန်ကို အခြေခံပြီး ပြုလုပ်ထားတဲ့ မြန်မာမုန့်မျိုးစုံ၊ ကြာဇံ ၊ မုန့်နှစ်ကြော် ၊ ဆန်ပြုတ် စတာတွေအပြင် ထမင်းကြော်၊ ထမင်းပူပူလေးတွေကလည်း မနက်စာအဖြစ် စားသုံးဖို့ အာဟာရပြည့်ဝတဲ့ အစားအစာတွေပါ။ ဆန်နဲ့ပြုလုပ်ထားတဲ့ အစားအစာတွေကို မနက်စာအဖြစ် စားသုံးခြင်းအားဖြင့် နှလုံးကျန်းမာစေခြင်း ၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ဝစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
၅။ ပဲအမျိုးမျိုး
ပဲအမျိုးမျိုးကလည်း မနက်စာ စားသုံးရာမှာ ထည့်သွင်းစားသုံးသင့်တဲ့ အစားအစာဖြစ်ပါတယ်။ ထမင်းပူပူလေးကို ပဲပြုတ်နဲ့ ဆီဆမ်းစားတာ ၊ ပဲအီကြာ ၊ ပဲပလာတာ ၊ ပဲနံပြား စတာတွေကို စားသုံးသင့်ပါတယ်။ နွားနို့နေ့တိုင်း မသောက်လိုသူတွေအနေနဲ့ ပဲနို့ပြောင်းသောက်တာ စတာတွေကလည်း အာဟာရပြည့်ဝတဲ့ မနက်စာပါပဲ။ ပဲအမျိုးမျိုးကို စားသုံးခြင်းအားဖြင့် အာဟာရဓာတ်ပြည့်ဝစွာရရှိနိုင်သလို ပရိုတင်းဓာတ် ၊ ဗီတာမင်ဓာတ်များစွာနဲ့ သတ္တုဓာတ်များစွာ ပါဝင်တာကြောင့် အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအတွက် အများကြီး သင့်တော်ပါတယ်။
မနက်စာရဲ့ အေရးပါမှုအကြောင်းကို Health Care Attendant တစ်ဦးဖြစ်တဲ့ ဦးမျိုးမင်းဦးက ခုလို ဆက်ရှင်းပြပါတယ်။
“မနက်စာက အလွန်အရေးပါပါတယ်။ ကိုယ်က တစ်ညလံုး အိပ်ပြီး အနားယူလိုက်တယ်။ မနက်ကျရင် အကုန်လုံးနီးပါးက ဗိုက်ဆာကြတယ်။ အဲဒီအချိန်မှာမှ အစာအိမ်နဲ့ သင့်တော်တဲ့ အစားအစာ မဟုတ်ဘဲနဲ့ အာဟာရမပြည့်ဝတဲ့ အစားအစာတွေကို စားသုံးမိမယ်ဆိုရင် အစာအိမ်အတွက်လည်း ကောင်းကျိုးမရှိနိုင်ဘူး။ ရေရှည်မှာ အစာအိမ်ရောဂါတွေ ရလာနိုင်တယ်။ အာဟာရပြည့်ဝတဲ့ မနက်စာက လူတစ်ယောက်ကို ဘယ်လောက်ထိ ကောင်းကျိုးပေးနိုင်သလဲဆိုရင် လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။”
အခုဖော်ပြလိုက်တဲ့ အစားအစာ ၅ မျိုးကို နေ့စဉ် မနက်စာအဖြစ် စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များစွာ ရရှိနိုင်မှာဖြစ်တာကြောင့် အမျိုးသမီးတွေအနေနဲ့ ကိုယ်ကျန်းမာ စိတ်ချမ်းသာလာမှာဖြစ်သလို လှပနုပျိုလာမှာဖြစ်တဲ့အတွက် မနက်စာကို အာဟာရပြည့်ဝေအာင် မဖြစ်မနေ စားသုံးကြဖို့ တိုက်တွန်းလိုပါတယ်။