အီကုတ်နဲ့ ဆူးပုတ်ဟင်းလျာဟာ ဓနုတိုင်းရင်းသားတွေအတွက်တော့ ကြက်သားဟင်းတစ်ခွက်နဲ့တောင်မလဲနိုင်ပါဘူး။

“အီကုတ်နှင့် ဆူးပုတ်ဟင်း၊သိကြားမင်းမနေနိုင်ဆွမ်းအုပ်ကိုင်လို့ဆင်း” ဆိုတဲ့ အဆိုရှိတဲ့ တောင်ရိုးဓနုစာချိုးအတိုင်း တစ်နှစ်တစ်ခါမှသာပေါ်တဲ့ အီကုတ်ကို ဆူးပုတ်ရွက်နဲ့ ရောချက်တဲ့အခါလွန်စွာအရသာရှိတယ်လို့ဆိုပါတယ်။

Photo: Ywangan Myay

အီကုတ်နဲ့ ဆူးပုတ်ဟင်းလျာဟာ ဓနုတိုင်းရင်းသားတွေအတွက်တော့ ကြက်သားဟင်းတစ်ခွက်နဲ့တောင်မလဲနိုင်ပါဘူး။ အရသာထူးကဲလှတဲ့ အီကုတ်ဟင်းကို မစားဖူးတဲ့သူတွေအတွက်ကတော့ စားဖို့ပါးစပ်မရဲဖြစ်နေကြမှာ မှန်ပေမယ့် စားဖူးတဲ့သူတွေကတော့ အီကုတ်မြင်တဲ့အခါတိုင်း ဆူးပုတ်နဲ့ရောချက်တဲ့ ဟင်းလျာတစ်ခွက်ကို တောင့်တနေမိမှာ အမှန်ပါပဲ။

Photo: Ywangan Myay

အီကုတ်ဆိုတာဘာလဲ

တစ်နှစ်မှာတစ်ခါ တန်ခူးလဆန်းပိုင်းမှသာ ပေါ်လေ့ရှိတဲ့ အီကုတ်ဆိုတာက တကယ်တော့ နွားချေးပိုးကနေထွက်ရှိတဲ့ ပိုးကောင်လေးတွေပဲဖြစ်ပါတယ်။ အီကုတ်က ရှမ်းပြည်မှာ အများဆုံးတွေ့ရတဲ့ ပိုးကောင်ဖြစ်ပြီး တန်ခူးလဆန်းပိုင်းလောက်မှာဆိုရင် ရှမ်းပြည်ဒေသမြို့ပေါ်ဈေးတွေမှာ အီကုတ်ကို ရောင်းချလေ့ရှိကြပါတယ်။

တစ်နှစ်ပတ်လုံးအနေနဲ့ မတ်၊ ဧပြီ၊ မေလတို့အတွင်းမှာသာ ရရှိနိုင်တဲ့ ရာသီဟင်းလျာတစ်ခုဖြစ်ပြီး ဒီကာလတွေမှာဆိုရင် ရှမ်းပြည်နယ် ပင်းတယ ဈေးထဲမှာ အီကုတ်ဆိုတဲ့ပိုးကောင်ကို ရေနွေးဖြောပြီးသား အဆင်သင့်ရောင်းချလေ့ရှိတယ်လို့လည်းသိရပါတယ်။ အီကုတ်ကို စားသုံးရာမှာတော့ ရေနွေးဖြောပြီး အညစ်အကြေးဖယ်ကာ အကောင်လိုက်စားကြသလို ခရမ်းချဉ်သီးဖြစ်စေ ၊ ကြက်ဥဖောက်ထည့်ပြီးဖြစ်စေ ကြော်စားလေ့ရှိပါတယ်။ အီကုတ်ကို အရသာရှိဆုံးစားနည်းကတော့ ဆူးပုတ်ရွက်ထည့်ပြီး ကြော်စားတဲ့နည်းပါပဲ။

Photo: Ywangan Myay

အီကုတ်နဲ့ဆူးပုတ်ဟင်း သိကြားမင်းမနေနိုင်

“သူ့အရသာက ချိုစိမ့်လေး။ ရှမ်းပြည်မှာနေတုန်းကတော့ နှစ်တိုင်းရာသီချိန်ဆိုချက်စားဖြစ်တယ်။ အခုရန်ကုန်ရောက်နေတာတောင် အီကုတ်ပေါ်တဲ့အချိန်ဆို ရှမ်းပြည်က အမျိုးတွေက အနှစ်ကျအောင်ချက်ပြီး ဗူးနဲ့ထည့်ပြီးတော့ ကားဂိတ်ကနေပို့ပေးသေးတာ။ ဒီရောက်မှ ဆူးပုတ်ရွက်နဲ့ လိုအပ်တာတွေထည့်ပြီး ပြန်ချက်စားတာပေါ့။ ရန်ကုန်မှာကျတော့ စားမယ့်သူလည်းမရှိသလို အီကုတ်ဆိုတာလည်းမရှိဘူးလေ။ ကိုယ်ကလည်း မပြန်ဖြစ်တော့ ရှမ်းပြည်ကနေ တကူးတကန့်ပို့တဲ့အချိန်မှသာစားရတာ၊။ အကောင်လိုက်စားကြတဲ့သူတွေလည်းရှိတာပဲ ။အစ်ကိုကတော့ အဲဒီလိုတော့မစားရဲဘူး”လို့ ရန်ကုန်မှာ စီးပွါးရေးလုပ်ရင်းနေထိုင်နေတဲ့ ဓနုတိုင်းရင်းသားတစ်ဦးက အီကုတ်နဲ့ဆူးပုပ်အရသာကို သိကြားမင်းတောင်မနေနိုင်လို့တင်စားရတဲ့အကြောင်းကို ရှင်းပြပါတယ်။ 

Photo: Ywangan Myay

စားလို့ရတယ် အီကုတ်ဖြစ်လာပုံအဆင့်ဆင့်

အီကုတ်က နွးချေးက ရရှိတဲ့ ပိုးကောင်ဖြစ်တဲ့အတွက် နွားချေးပိုးအချင်းချင်း မိတ်လိုက်ပြီး နွားချေးပိုးမကြီးကနေ တစ်ဆင့် ပေါက်ဖွားလာတဲ့ ပိုးကောင်လေးတွေဖြစ်ပါတယ်။ မိတ်လိုက်ပြီးတဲ့ နွားချေးပိုးမကြီးဟာ နွားချေးပုံအနီးမှာပဲ မြေကြီးတူးပြီးတော့ နွားချေးပိုးဥများကို ဥချပြီးဥကနေတစ်ဆင့် အကောင်ပေါက်ဖွားလာတာပါ။ နွားချေးပိုးမကြီးဟာ မြေကြီးတူးထဲမှာပဲ ဥဥပြီး ဥများကို နွားချေးနဲ့မြေကြီးနဲ့လုံးကာတွင်းကို အပေါ်က မြေကြီးနဲ့ပဲပြန်လည်အုပ်ထားလေ့ရှိပါတယ်။ နွားချေးပိုးများမှာ ဥ၊ ချထုံ၊ ချစင် ၊ ဆင်၊ ပိုးကောင်ကြီးစတဲ့ ကြီးထွားမှု အဆင့် (၅)ဆင့်ရှိပြီး ချထုံ၊ ချစင်၊ ဆင် အဆင့်ကို အီကုတ်ဟုခေါ်ဆိုပြီး လူတွေအနေနဲ့ တူးဖော်စားသုံးကြတာပဲဖြစ်ပါတယ်။

Photo: Ywangan Myay

အီကုတ်ဘယ်လိုရှာလဲ

"တစ်ပေါင်း ၊ တန်ခူး အီကုတ်တူးကဆုန်၊ နယုန် အီကုတ်ကုန်"အီကုတ်များကို ခြောက်သွေ့ရာသီ တပေါင်းလနှင့် တန်ခူးလ ရောက်တဲ့အခါမှာ စိုက်ပျိုးရေးအတွက်အသုံးပြုဖို့ ပုံထားတဲ့ နွားချေးပုံအဟောင်းနေရာတွေမှာ တူးဖော်ကြပါတယ်။ နွားချေးပုံ အနီးတစ်ဝိုက်မှာပဲ အီကုတ်တွင်းများကို တွေ့ရှိနိုင်ပါတယ်။ အီကုတ်တွင်းများဟာ မြေသားမာတဲ့နေရာတွေမှာ တွင်းတိမ်ပြီး၊ မြေသားပွတဲ့နေရာတွေမှာ တွင်းနက်ပါတယ်။ အီကုတ်တစ်တွင်းမှာ ပိုးကောင်လုံး (၆)လုံးကနေ အလုံး(၂၀)ထိ ရှိနိုင်ပါတယ်။ မြေသားနွားချေးတွေနဲ့ လုံးထားတဲ့ အလုံးထံမှာ ပိုးကောင်လေးရှိနေပြီး အလုံးအားလုံးကို မယူခင် တစ်လုံးကို အရင်ခွဲကြည့်ကာ ချက်စားလို့မရတဲ့ အနေအထားပဲရှိသေးတယ်ဆိုရင်တော့ မြေကြီးပြန်ဖို့ကာ တစ်ပတ်အကြာမှာ ပြန်လည်တူးဖော်နိုင်ပါတယ်။

Photo: Ywangan Myay

ဓနုရိုးရာ အီကုတ်ဟင်းချက်နည်း

ရှေးဦးစွာ အီကုတ်ကို ရေစင်အောင်ဆေး ရေနွေးဖြောပြီး ပိုးကောင်ဖင်ကနော အပေါက်ဖောက်ကာ အထဲက အနှစ်တွေကို ညှစ်ထုတ်ယူရတာဖြစ်ပါတယ်။ အီးကုတ်အနှစ်တွေရရှိပြီဆိုရင်တော့ နွားနို့ချက်သလို အနှစ်တွေကိုပြစ်နေအောင်ချက်လိုက်ပါ။ ဂျင်း ၊ကြက်သွန်ဖြူ၊ ငြုပ်သီးများကို ကြေညှပ်အောင်ထောင်းကာ ဆူးပုတ်ရွက်နဲ့ အိုးထဲကိုထည့်ပါ။ အဲဒီနောက် ဆား၊ အရသာမှုန့်တို့ထည့်ပြီး ရေအနည်းငယ်ထည့်၍အဖုံးအုပ်ထားကာ ဆူးပုတ်ရွက်နူးရင်တော့ သုံးဆောင်လို့ရပြီပဲဖြစ်ပါတယ်။

အီကုတ်ရဲ့ ချိုဆိမ့်တဲ့ အရသာနဲ့ ဟင်းရဲ့ အစပ်အဟပ်ပေါင်းထည့်လိုက်တဲ့အခါမှာ အရသာရှိတဲ့ ဓနုရိုးရာ အီကုတ်ဟင်းတစ်ခွက်ကိုရရှိပါပြီ။ အီကုတ်ဆိုတာ ရှမ်းပြည်နယ်မှာ အများဆုံးတွေ့ရတတ်တဲ့ ပိုးကောင်လေးတွေပါ။ ဒေသအလိုက်တော့ အခေါ်အဝေါ်အမျိုးမျိုးရှိနိုင်ပါတယ်။ အီကုတ်ပိုးကောင်လေးတွေဟာ မြေသားလုံးအတွင်းမှာပဲ တစ်ကောက်တည်း သီးသန့် ရစ်ခွေနေတက်ကြတဲ့ ပိုးကောင်လေးတွေလည်းဖြစ်ပါတယ်။ အီကုတ်ဆူးပုတ်ကြော်ဟာ ချိုမွှေးအီစိမ့်တဲ့အရသာအပြင် အနံ့ကပါမွှေးကြိုက်နေတာမို့ ဟင်းနံ့ရရင် မနေနိုင်လို့ မိုးပေါ်က သကြားမင်းတောင် ဆွမ်းအုပ်ပိုက်ပြီး ဆင်းလာရတယ်လို့ အီကုတ်ကြိုက်တဲ့ ရှမ်းတိုင်းရင်းသားလူမျိုးတွေကတော့ စာဖွဲ့ပြီး ညွှန်းဆိုကြပါတယ်။

Share

Loading Next Article...
က္က