အစိုးရအဖွဲ့ နုတ်ထွက်မှုကို ဘုရင်က လက်ခံလိုက်ပြီး ဝန်ကြီးချုပ်ယာစင်က ယာယီဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမှာပါ

မလေးရှားအစိုးရအဖွဲ့က ၎င်းတို့ရဲ့ နုတ်ထွက်စာတင်ကို ဘုရင်ထံ တင်သွင်းလိုက်ပြီဖြစ်ကြောင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ယနေ့ (ဩဂုတ် ၁၆ ရက်) ပြောပါတယ်။

သိပ္ပံ၊ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုဆိုင်ရာ ဝန်ကြီး Khairy Jamaluddin က ၎င်းတို့အစိုးရအဖွဲ့ နုတ်ထွက်စာကို ဘုရင့်ထံ တင်ပြခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ခွင့်ရခဲ့တာကို ကျေးဇူးတင်ကြောင်းနဲ့ မလေးရှားကို ဘုရားသခင်ကောင်းချီပေးပါစေကြောင်း Instagram မှာ ရေးသားထားပါတယ်။



(မလေးရှားဝန်ကြီးချုပ်ယာစင်) (Photo: Reuters)

အကြီးတန်းဝန်ကြီး Hishammuddin Hussein ကလည်း မိမိတို့ချစ်တဲ့ တိုင်းပြည်နဲ့ ပြည်သူအတွက် တာဝန်ထမ်းဆောင်ရတာဟာ ဂုဏ်ယူစရာနဲ့ အထူးအခွင့်အရေးတစ်ခု ဖြစ်ခဲ့ကြောင်း Twitter မှာ ပြောထားပါတယ်။ ဝန်ကြီးချုပ်ယာစင်က ဘုရင် Al-Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah နဲ့ သွားရောက်မတွေ့ဆုံမီ ယနေ့ မနက်ပိုင်းမှာ အစိုးရအဖွဲ့ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ထပ်မံသိရတဲ့သတင်းအရ အစိုးရအဖွဲ့ နုတ်ထွက်မှုကို ဘုရင်က လက်ခံလိုက်ကြောင်းနဲ့ ယာစင်က ယာယီဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ယာစင်ဟာ မကြာမီ နိုင်ငံကို မိန့်ခွန်းပြောကြားလိမ့်မယ်လို့ မလေးရှားမီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။ မလေးရှားမှာ နိုင်ငံရေးအာဏာ အားပြိုင်နေစဥ်အတွင်း အစိုးရအဖွဲ့ နုတ်ထွက်မှု ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ ယခုလအစောပိုင်းမှာ ပါတီဥက္ကဌ Ahmad Zahid Hamidi ဦးဆောင်တဲ့ United Malays National Organisation (UMNO) ပါတီမှ လွှတ်တော်အမတ် အများအပြားက ဝန်ကြီးချုပ်ယာစင်ကို ထောက်ခံမှုရုပ်သိမ်းလိုက်ကြပါတယ်။

(ဝန်ကြီးချုပ်ယာစင် နိုင်ငံကိုမိန့်ခွန်းပြောကြားမှုအား ကြည့်ရှုနေသူတစ်ဦး) (Photo: AFP)

UMNO အမတ်တွေရဲ့ ထောက်ခံမှု ဆုံးရှုံးလိုက်ရခြင်းက ယခင်ကတည်းက လွှတ်တော်အမတ်အများစု ထောက်ခံမှုကို ပြတ်သားစွာ ရရှိမထားတဲ့ ဝန်ကြီးချုပ်ယာစင်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဝန်ကြီးချုပ်ယာစင်က ကနဦးမှာတော့ ၎င်းဟာ လွှတ်တော်မှာ အမတ်အများစု ထောက်ခံမှုရရှိထားဆဲဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါသေးတယ်။

သို့သော် ညွန့်ပေါင်းအုပ်စု Pakatan Harapan (PH) က ဝန်ကြီးချုပ်ယာစင်ရဲ့ အဆိုပြု လုပ်ဆောင်ချက်တွေကို ပယ်ချခဲ့ပြီး အတိုက်အခံအုပ်စုက ၎င်းကို နုတ်ထွက်ရန် တောင်းဆိုခဲ့ပါတယ်။ ယာစင်ဟာ Parti Pribumi Bersatu Malaysia (Bersatu) ပါတီရဲ့ ဥက္ကဌဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လ ၁ ရက်နေ့မှာ မလေးရှားနိုင်ငံရဲ့ ၈ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ယနေ့ အစိုးရအဖွဲ့ နုတ်ထွက်မှုနဲ့အတူ ယာစင်ဟာ မလေးရှားနိုင်ငံရဲ့ သက်တမ်းအတိုဆုံး ဝန်ကြီးချုပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

၎င်းရဲ့ ဝန်ကြီးချုပ်သက်တမ်း ၁၇ လအတွင်း COVID-19 ကပ်ရောဂါကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး ဝေဖန်ခံခဲ့ရကြောင်း CNA သတင်းက ဖော်ပြပါတယ်။ မလေးရှားဟာ အရှေ့တောင်အာရှဒေသတွင်း COVID-19 ကူးစက်မှု တတိယအများဆုံးနဲ့ သေဆုံးမှု စတုတ္တအများဆုံး နိုင်ငံဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က