ဝါးပိုးဟာ တိုင်းရင်းသားလူမျိုးတွေတင်မက ပုရစ်ကြော်လိုပဲ မြေပြန့်ဒေသကလူအများစုပါ စားသုံးလေ့ရှိပါတယ်။

သဘာဝအတိုင်း ဝါးအတွင်းကနေ ရရှိလာတဲ့ ဝါးပိုးများကို ကြော်စားရသည်မှာ အလွန်အရသာရှိလှပါတယ်။

Photo: A Sar Pote Lay

ကြိုက်တဲ့သူအတွက်ကတော့ အရသာရှိလှတဲ့ စားသောက်ဖွယ်ရာလို ခေါ်ဝေါ်နိုင်ပေမယ့် မကြိုက်တဲ့သူတွေအတွက်ကတော့ ဝါးပိုးတွေကို ကြည့်ရုံသာကြည့်ပြီး ပါးစပ်ထဲမထည့်ရဲမှာကတော့ အသေအချာပါပဲ။ နှစ်တစ်နှစ်ရဲ့ ကုန်ဆုံးခါနီးအချိန်ကာလမှာဆိုရင်တော့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံနဲ့ မိုင်းဖြတ်ဒေသတွေက တောတောင်အတွင်းရှိဝါးရုံတွေကနေ ဝါးပိုးအများဆုံးရရှိနိုင်ပါတယ်။ ဝါးပိုးက တစ်နှစ်ပတ်လုံး ထွက်ရှိတယ်ဆိုပေမယ့်လည်း နှစ်ကုန်ပိုင်းမှာသာ ပေါပေါသီသီရရှိနိုင်တာပါ။ ဝါးပိုးက ပရိုတင်းဓာတ် ကြွယ်ဝတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံတွေလည်း ဈေးကောင်းပေးဝယ်လေ့ရှိတဲ့အတွက် ပြည်ပထိတင်ပို့ရောင်းချလေ့ရှိပါတယ်။ နိုင်ငံအတွင်းမှာလည်း ဈေးကွက်ကောင်းပြီးရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာလည်း ရောင်းချလေ့ရှိပါတယ်။

Photo: Lashio

ဝါးပိုး ဘယ်လိုရှာမလဲ

ဝါးပိုးဆိုတာ တကယ်တော့ ဒေသအခေါ်အဝေါ်တစ်ခုပါ။ ဝါးပင်တိုင်းမှာလည်းမရှိတတ်ပါဘူး။ ဝါးပိုးရှိတဲ့ ဝါးကို သေသေချာချာ ကြည့်မယ်ဆိုရင် ရေစိမ့်ထွက်လေ့ရှိတယ်လို့သိရပါတယ်။ ရေစိမ့်ထွက်နေတဲ့ ဝါးအတွင်းမှာသာ ဝါးပိုးရှိကြောင်း ခန့်မှန်းနိုင်တယ်လို့သိရပါတယ်။ အကောင်အရေကခန့်မှန်းလို့မရသလို ဝါးတစ်ဆစ်မှာ အကောင် (၂၀) (၃၀)ကနေ (၁၀၀)အထိရှိနိုင်ပါတယ်။ ဝါးပိုးရှာတဲ့ သူတွေရဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ပြီး တစ်နေ့ကို ရရှိတဲ့ ပိဿာအရေအတွက် ကွာခြားတယ်လို့သိရပါတယ်။

Photo: Lashio

ဝါးပိုးရှာ စီးပွားရေး

ဝါးပိုး လှိုင်လှိုင်ထွက်ရှိတဲ့ နှစ်ကုန်ပိုင်းလောက်မှာဆိုရင် ဝါးပိုးရှာသူတွေအများအပြားရှိပြီး ဒိုင်တွေကို အသီးသီးသွင်းကြပါတယ်။ ဝါးပိုးရှာတဲ့ လုပ်ငန်းဟာ တစ်ပိုင်တစ်နိုင်လုပ်ကိုင်လို့လည်း ရတာကြောင့် မိသားစုလိုက် လုပ်ကိုင်တဲ့သူတွေလည်းရှိပါတယ်။ တချို့ကဆို တမင်မွေးပြီးလုပ်ကိုင်လေ့ရှိတယ်လို့ရှိပါတယ်။

“ကိုယ်ပိုင် ဝါးရုံစိုက်ပျိုးထားတဲ့သူတွေဆို ဝါးတွေထဲ နွားနို့ထည့်ပြီး တမင်မွေးကြတာ။ ပိုးကောင်က ဝါးအတွင်းမှာ သဘာဝအတိုင်းရှိတယ်ဆိုပေမယ့် နွားနို့ထည့်ကျွေးတော့ ပုံမှန်ထက် အကောင်တွေက ကြီးပြီးတုတ်တာပေါ့။ အဲလိုဆို ပြန်ရောင်းတဲ့အခါ ဈေးကောင်းလည်းရတယ်။ အကောင်ရေလည်းပိုထွက်တယ်လေ။ ဝါးပိုးက ကြော်ပြီးပြန်ရောင်းရင်တောင် ဈေးကောင်းပြန်ရတယ်” လို့ ရှမ်းလူမျိုး ဓနုတိုင်းရင်းသား တစ်ဦးက ပြောပါတယ်။

Photo: Lashio

ဝါးပိုး ဈေးကွက်

ဝါးပိုးကောင်တွေကို လက်လီဝယ်ယူသူထက် လက်ကားဝယ်ယူသူတွေက ပိုများလှပါတယ်။ ဝါးပိုးကိုကြော်ပြီး ပြန်လည်ရောင်းချတဲ့သူတွေအနေနဲ့ သာ လက်ကားဝယ်ယူ ပြန်လည်သန့်စင်ပြီး ကြော်ကာ အသင့်စား ပြန်လည်ရောင်းချကြပါတယ်။ ဝါးပိုးကို ဒိုင်တွေဆီ ပြန်သွင်းရာမှာ တစ်ပိဿာကို နှစ်သောင်းကျပ်ဝန်းကျင်ခန့်ရရှိကြပါတယ်။ ဝါးပိုး တစ်ပိဿာကို ကြော်လိုက်တဲ့အခါ ကြော်ပြီးသား သုံးဆယ်ကျပ်သားခန့် ပြန်လည်ရရှိပြီး ကြော်ပြီး ပြန်ရောင်းတဲ့သူတွေအနေနဲ့ကတော့ ဝါးပိုးကြော် တစ်ဆယ်ကျပ်သားကို တစ်သောင်းကျပ်ဝန်းကျင်နဲ့ ပြန်လည်ရောင်းချကြပါတယ်။

ဝါးပိုးဟာ တိုင်းရင်းသားလူမျိုးတွေတင်မက ပုရစ်ကြော်လိုပဲ မြေပြန့်ဒေသကလူအများစုပါ စားသုံးလေ့ရှိပါတယ်။ ဟင်းလျာထက် အဆာပြေ စားသုံးတဲ့ အစားအစာတစ်ခုပါ။ ရန်ကုန်မှာဆိုရင်လည်း အင်းဆက်တွေထဲက အဓိက စားသောက်ဖွယ်ရာအဖြစ် ပုရစ်ကြော်နဲ့ ဝါးပိုးကြော်ကို ကြော်ပြီးသား အသင့်စားသုံးနိုင်အောင် ရောင်းချလေ့ရှိပါတယ်။

မြန်မာလူမျိုးတွေအများဆုံးစားသုံးတဲ့ အင်းဆက်အစားအစာတွေလည်းဖြစ်ပါတယ်။ ကြွပ်ကြွပ်ရွရွလေး ကြော်ထားတဲ့ ဝါးပိုး (၁၀၀)ဂရမ်မှာဆိုရင် ပရိုတင်းဓာတ် (၃၀)ဂရမ်အထိရှိပြီး ကယ်လိုရီက (၄၃၀)လောက်ထိ ရရှိနိုင်လို့ ခွန်အားရှိစေတဲ့ အစားအစာတစ်ခုအဖြစ် သတ်မှတ်စားသုံးနိုင်ပါတယ်။ 

Share

Loading Next Article...
က္က