ကစားသမားအလဲအထပ်လုပ်ဖို့ကြံနေတာပါ။

ကလပ်အသင်းကြွေးမြီပေါင်း ယူရို ၁.၃၅ ဘီလီယံအထိရှိနေတဲ့ ဘာစီလိုနာအသင်းဟာ အာဆင်နယ်တိုက်စစ်မှူးအော်ဘာမီယန်နဲ့ သူတို့ကစားသမားကော်တင်ဟိုတို့ကို အလဲအထပ်ပြုလုပ်သွားဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ ကစားသမားချင်း တိုက်ရိုက်လဲလှယ်သွားမှာဖြစ်ပြီး အသင်းတိုက်စစ်ပိုင်းကို အားဖြည့်ချင်တဲ့ နည်းပြရော်နယ်ကိုးမန်းရဲ့ ဆန္ဒလည်းဖြစ်ဖွယ်ရှိနေပါတယ်။

မက်ဆီမရှိတော့တဲ့နောက် လာလီဂါပထမဆုံးပွဲမှာ ဘာကာက ရီးရဲလ်ဆိုဆီဒက်ကို ၄-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရာသီသစ်အတွက် ဒီပိုင်း၊ အဂူရိုတို့ကို ခေါ်ယူထားပြီးဖြစ်ပေမယ့်လည်း ကိုးမန်းက ပုံမှန်ဂိုးသွင်းပေးနိုင်စွမ်းရှိတဲ့ တိုက်စစ်မှူးတစ်ဦးကို အလိုရှိနေဆဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်ဖို့အတွက် ပီကေး၊ ဘက်ကွက်စ်၊ ဆာဂျီရောဘတ်တိုနဲ့ ယော်ဒီအယ်လ်ဘာတို့က လုပ်ခလစာတွေ လျှော့ယူပေးခဲ့ရပြီး အသင်းကို ကူညီပေးခဲ့ကြပါတယ်။ 

ကော်တင်ဟိုကိုသာ အသင်းကနေ ပြောင်းရွှေ့စေခဲ့မယ်ဆိုရင် ဘာစီလိုနာအတွက် ကြီးမားတဲ့လုပ်ခလစာကို ထပ်မံလျှော့ချနိုင်မှာဖြစ်ပါတယ်။ အသင်းရဲ့လစာအများဆုံးရကစားသမားတွေထဲမှာ ကော်တင်ဟိုလည်းပါဝင်နေပြီး လက်ရှိမှာ ဒဏ်ရာတွေနဲ့ လုံးပမ်းနေရကာ အသင်းအတွက်လည်း ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် လစာလည်းလျှော့ချျပြီး ပုံမှန်ဂိုးသွင်းပေးနိုင်မယ့် ကစားသမားမျိုးကို ပြန်လည်အစားထိုးဖို့ ဘာကာက တစ်ချက်ခုတ်နှစ်ချက်ပြတ်အစီအစဉ်ကို အကောင်အထည်ဖော်နေဖွယ်ရှိပါတယ်။ 

အော်ဘာမီယန်ကတော့ အာဆင်နယ်နဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲကို ဖျားနာမှုကြောင့် ပါဝင်ကစားပေးခဲ့ခြင်းမရှိဘဲ အသင်းရဲ့ရလဒ်ပိုင်းတွေနဲ့ ကစားသမားသစ်ခေါ်ယူမှုအပိုင်းတွေအပေါ်မှာ ဂါဘွန်တိုက်စစ်မှူးက စိတ်ပျက်နေဖွယ်ရှိနေပါတယ်။ တကယ်သာ ဘာစီလိုနာဘက်က ကမ်းလှမ်းမှုတွေပြုလုပ်လာခဲ့မယ်ဆိုရင်တော့ ကစားသမားဘက်က လက်ခံသွားဖွယ်ရှိနေပြီး အာဆင်နယ်က သူတို့အသင်းခေါင်းဆောင်ကို ထိန်းသိမ်းနိုင်ဖို့ ခက်ခဲဖွယ်ရှိနေပါတယ်။ 

Share

က္က