ရာသီလာချိန်မှာလည်း ပုံမှန်နေ့ရက်လေးတွေလို စိတ်ကြည်ကြည်လင်လင် အလုပ်တွေကောင်းကောင်းမွန်မွန်လုပ်နိုင်စေဖို့ အကြံပြုချက်လေးတွေကို လိုက်နာကြည့်လိုက်ပါ။

အမျိုးသမီးတွေဟာ နာကျင်မှုနဲ့မအီမသာဖြစ်မှုကို လစဉ်ခံစားကြရတဲ့သူတွေဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့ သားအိမ်က တစ်လကို တစ်ကြိမ် အမြှေးပါးကွာကျတာကြောင့် လစဉ် ရာသီသွေးဆင်းလေ့ရှိပါတယ်။ ရာသီလာစဉ်နာကျင်မှုကို dysmenorrhea လို့ ခေါ်ပါတယ်။



Photo- Medical News Today

ဘာကြောင့်ရာသီလာရင် နာကျင်ရသလဲ

ရာသီလာစဉ်မှာ နာကျင်ရတဲ့ အကြောင်းရင်းတွေက အများကြီးရှိနိုင်တဲ့အတွက် တိတိပပပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် အများစုက ရာသီသွေး စဆင်းတဲ့ ရက်မှာ ပိုမိုနာကျင်ကိုက်ခဲလေ့ရှိကြပါတယ်။Prostaglandin လို့ခေါ်တဲ့ ဟော်မုန်းက သားအိမ်အတွင်းက ကြွက်သားတွေကျုံ့ဖို့ လှုံ့ဆော်ပါတယ်။အဲဒီလို ကျုံ့ခြင်းက နာကျင်ခြင်းနဲ့ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ရာသီမလာခင် အစပိုင်းမှာ Prostaglandin ဟော်မုန်းမြင့်တက်လေ့ရှိတဲ့အတွက် ရာသီလာတဲ့ အစပိုင်းတွေရက်မှာ နာကျင်ကြတာ ဖြစ်ပါတယ်။

ဘယ်လိုလူမျိုးတွေမှာ ရာသီလာစဉ် နာကျင်လေ့ရှိလဲ


  • အသက် ၂၀ အောက်
  • ရာသီလာရင် နာကျင်တတ်တဲ့ မျိုးရိုးရှိသူ
  •  ဆေးလိပ်သောက်သူ
  • ရာသီသွေး အများအပြားဆင်းသူ
  • ရာသီမမှန်သူ
  • ကလေးမမွေးဖူးသူ
  • အသက် ၁၁နှစ်မတိုင်မီ အပျိုဖော်ဝင်သူ 

ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းတွေ သက်သာဖို့နည်းလမ်းများ

Photo- Healthline.com

- သာမန်ကိုယ်ယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပါ

- အာဟာရပြည့်ဝတဲ့အစားအစာများ စားးသုံးပါ

- ဗီတာမင်နဲ့ဖြည့်စွက်စာများ စားသုံးပါ

- ရာသီမလာခင်ရက်မှာ ibuprofen ပါတဲ့ ဆေးဝါးသောက်သုံးပါ

- နာကျင်တဲ့အခါ ခြေထောက်ကို မြှင့်ထားတာ ဒါမှမဟုတ် ဒူးကွေးပြီး လဲလျောင်းပါ

- ရာသီလာစဥ် စိတ်အေးအေးထား အနားယူပါ

- နာကျင်တဲ့အခါ ရေနွေးအိတ်ကပ်ပေးပါ

- ရာသီလာစဥ် ရေနွေးနဲ့ရေချိုးပါ

ရာသီသွေးပေါ်ချိန် ဂရုစိုက်ရမယ့် အချက်များ 

Photo-health.clevelandclinic.org

အငံလျှော့စားပါ

ရာသီလာချိန်မှာ ဆား(အငံ)စားချင်စိတ်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဆားပါဝင်မှုမြင့်မားတဲ့ အစားအစာတွေက ကြွက်တက်တာတွေ ၊ နာကျင်ယောင်ယမ်းတာတွေကို ဆိုးရွာစေလို့ ရာသီလာချိန်မှာ ဆား(အငံ)လျှော့စားပါ။

ကော်ဖီအလွန်အကျွံမသောက်ပါနဲ့ 

ရာသီလာစဉ်မှာ ကော်ဖီများများသောက်တယ်ဆိုရင် ကဖိန်းဓာတ်မြင့်တက်လာပြီး နာကျင်မှုကို ပိုဆိုးရွားစေပါတယ်။ ဒါကြောင့် ကဖိန်းဓာတ်ကို တောင့်တရင်တောင် ကော်ဖီအနည်းငယ်သာ သောက်ပါ။

အမျိုးသမီးသုံးပစ္စည်းကို ၄ နာရီကြာတစ်ခါ လဲပေးပါ

ရာသီလာစဉ်မှာ အသုံးပြုတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို မလဲလှယ်ဘဲ တစ်ခုကို ၄နာရီကနေ ၆နာရီကြာ ဝတ်ဆင်ထားတဲ့အခါ ဘက်တီးရီးယားတွေပေါက်ဖွားပြီး အနံ့ဆိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် အရေပြားယားယံပြီး အဖုအပိန့်တွေကိုလည်း ဖြစ်စေနိုင်တာမို့ လစဉ်သုံးပစ္စည်းကို ၄နာရီ တစ်ကြိမ်လဲလှယ်သင့်ပါတယ်။

ရာသီလာစဥ် အမွှေးအမျှင်တွေမဖယ်ရှားပါနဲ့

ရာသီလာနေတဲ့အချိန်မှာ အမွှေးအမျှင်ဖယ်ရှားတာကို မလုပ်သင့်ပါဘူး။ ဓားနဲ့ရိတ်တာ ၊ ဖယောင်းနဲ့ခွာတာတွေဟာ ရာသီလာနေချိန်မှာ သာမန်ထက် ပိုမိုနာကျင်စေပါတယ်။ဒါ့အပြင် အခန့်မသင့်ရင် ပိုးဝင်တာပါဖြစ်နိုင်တဲ့အတွက် အမွှေးအမျှင်ဖယ်ရှားတာကို ရာသီလာပြီး တစ်ပတ်လောက်အကြာမှ လုပ်သင့်ပါတယ်။

ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးအတွက် အမြဲအန္တရာယ်ရှိပါတယ်။ဒါပေမယ့် ရာသီလာစဉ် ဆေးလိပ်သောက်တာက ပြင်းထန်တဲ့ နာကျင်မှုကို ပိုပြီးခံစားရနိုင်ချေရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

ရာသီလာစဥ် အစားမစားဘဲမနေပါနဲ့

ရာသီလာနေချိန်မှာ အစားမစားတာက ကိုယ်ခံအားကျစေပြီး လူကိုလည်း ထုံထိုင်းပြီး ဒေါသထွက်စေပါတယ်။အစားစားတယ်ဆိုရင်လည်း အာဟာရပြည့်ဝတဲ့ နွေးထွေးတဲ့အစားအစာတွေကိုပဲ စားသုံးရမှာဖြစ်ပြီး အလွယ်စာတွေ ၊ မုန့်ထုပ်တွေ မစားမိဖို့ သတိထားပါ။

ရာသီသွေးပေါ်ချိန်မှာ နာကျင်မှုက အလုပ်ပျက်အကိုင်ပျက်ဖြစ်ရတဲ့အထိ ဆိုးရွားတာ မဒီတို့အားလုံး ကိုယ်တွေ့ဖြစ်မှာပါ။ ရာသီလာတဲ့နေ့ရက်တွေကို ပုံမှန်နေ့တွေလို ကောင်းမွန်စွာ ဖြတ်သန်းနိုင်စေဖို့ ဆောင်ရန်/ရှောင်ရန်လေးတွေ လိုက်နာကြည့်ရအောင်နော်။

Ref: Headline, Health Shots







Share

Loading Next Article...
က္က