ကလေးသဘာဝအရ လွတ်လွတ်လပ်လပ်ပြေးလွှားဆော့ကစားတာကို ပိုကြိုက်နှစ်သက်ပေမယ့် အခုချိန်မှာတော့ အိမ်တွင်းအောင်းပြီး နေနေကြရပါတယ်။

နည်းပညာခေတ်ရောက်လာတာနဲ့အမျှ ကလေးတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာပဲ အချိန်တွေကုန်ဆုံးလာကြပါတယ်။

Photo: Harvard Health

ဒီလိုအချိန်ကုန်ဆုံးမှုတွေကြောင့် ကလေးတွေဟာ လက်တွေ့ဘဝမှာ အပေါင်းအသင်းနည်းလာစေနိုင်ပါတယ်။ ဒါပေမယ့် ဆိုရှယ်မီဒီယာပေါ်မှာအချိန်ကုန်ဆုံးတာတစ်ခုတည်းနဲ့တော့ အပေါင်းအသင်းနည်းလာစေတာမဟုတ်ပါဘူး။ အခြားအကြောင်းရင်းတွေလည်း ရှိပါတယ်။ ဒါတွေကတော့ မြို့ပြနေထိုင်မှုပုံစံ၊ ကိုဗစ်ကာလမှာ အချင်းချင်းတွေ့ဆုံခွင့်မရတာ၊ အပြင်ထွက်လည်ပတ်ခွင့်တွေ မရတာတွေကလည်း ကလေးရဲ့ အထီးကျန်မှုကို ဖြစ်စေနိုင်ပါတယ်။

Photo: Verywell Mind

မြို့ပြနေထိုင်မှုပုံစံကြောင့် ပေါင်းသင်းဆက်ဆံရေးအားနည်းလာ

အများအားဖြင့် မြို့ပြမှာနေထိုင်တဲ့မိဘတွေက မိမိတို့ရဲ့ကလေးကို ဘယ်လိုပြုမူနေထိုင်ပေးသင့်သလဲဆိုတာကို သိပေမယ့် လက်တွေ့မှာ ကျင့်သုံးမှု အလွန်အားနည်းပါတယ်။ ဒီလိုအားနည်းတာက မိဘရဲ့ အပြစ်ကြောင့်တော့မဟုတ်ပါဘူး။ မြို့ပြမှာနေရတဲ့ အခြေအနေအရ အားနည်းတာဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့ အချင်းချင်းမျှဝေတတ်တဲ့စိတ်ရှိရမယ်ဆိုတာကို သင်ပေးနိုင်ပေမယ့် လက်တွေ့မှာ ကလေးက အဲဒီလိုလုပ်နိုင်ဖို့ အခွင့်အရေးမရတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့ပြတိုက်ခန်းကျဉ်းလေးမှာနေရတဲ့ အတွက် ကလေးအချင်းချင်းတွေ့ဆုံဖို့က မလွယ်ပါဘူး။ အခုလို ကိုဗစ်ကာလဆို ပိုတောင်ဆိုးပါသေးတယ်။ ကိုယ့်အိမ်ထဲမှာနေရတဲ့အတွက် ကလေးတွေဟာ ရွယ်တူသူငယ်ချင်းတွေနဲ့ ဆော့ကစားရတဲ့အချိန်တွေ ရှားပါးလာပါတယ်။ ကလေးတွေဟာ အချင်းချင်းကနေ သင်ယူလေ့လာရတဲ့အရွယ်မှာ သူငယ်ချင်းရှားပါးမှုကြောင့် ပေါင်းသင်းဆက်ဆံရေးမှာလိုအပ်ချက်တွေ ရှိလာပြီး ကလေးရဲ့ Social Skill တွေ ကျဆင်းလာတာဖြစ်ပါတယ်။

Photo: First Five Years

စုပေါင်းကစားတတ်တဲ့ အလေ့အထ

နယ်မြို့၊ ရွာတွေမှာနေတဲ့ကလေးဆိုရင်တော့ ကိုဗစ်ကာလဆိုပေမယ့် ဖြစ်ပွားမှုနှုန်းတွေ လျော့ကျလာတဲ့ အခြေအနေပေါ်မူတည်ပြီး ကလေးအချင်းချင်းဆော့ကစားလို့ရအောင် ဖန်တီးနိုင်ပါတယ်။ လမ်းထဲ၊ ရပ်ကွက်ထဲမှာ ရွယ်တူသူငယ်ချင်းတွေနဲ့ ဆော့ကစားတဲ့အခါ ကလေးက ကိုယ်ဆော့ချင်တာထက် အခြားသူများနဲ့ အတူတူ ဆော့ချင်တာတွေကို ညှိနှိုင်းရပါတယ်။ ဒီလိုညှိနှိုင်းရတာကြောင့် ကလေးက ကိုယ့်ရဲ့ စိတ်ကို ဦးစားမပေးတော့ဘဲ အများရဲ့ ဆန္ဒကို လိုက်လျောရပါတယ်။ ဒီလို အချင်းချင်းဆော့ကစားတဲ့အကျိုးကြောင့် ကလေးဟာ ကိုယ်ချင်းစာစိတ်၊ မျှဝေတတ်တဲ့စိတ်၊ သူတစ်ပါးကို ဦးစားပေးတတ်တဲ့စိတ်တွေ ရရှိလာမှာဖြစ်ပါတယ်။ အပေါင်းအသင်းနဲ့မဟုတ်ဘဲ တစ်ဦးတည်းဆော့တဲ့ကလေးက သူများတွေ ဘာလိုအပ်သလဲဆိုတာကို မသိနိုင်တော့ဘဲ ကိုယ့်ရဲ့ စိတ်ကိုပဲ ဦးစားပေးတာဖြစ်တာကြောင့် တစ်ကိုယ်ကောင်းဆန်တဲ့စိတ် ကြီးမားစေနိုင်ပါတယ်။ ဒါဟာ မြို့ပြမှာနေထိုင်တဲ့ကလေးနဲ့ နယ်တွေမှာနေထိုင်တဲ့ကလေးရဲ့ ကွာဟချက်ကို ထင်သာမြင်သာရှိစေတာပါပဲ။ 

Photo: Healthline

မိဘတွေ အချိန်ပေးဖို့လိုအပ်

အပြင်ထွက်လည်ပတ်ချိန်နည်းလာမှုကြောင့် ကလေးရဲ့စိတ်ကို မွန်းကျပ်စေနိုင်ကလေးတွေဟာ ကိုဗစ်ကာလမှာ ကျောင်းတွေလဲပိတ်ထားရသလို မိသားစုနဲ့ အတူတူလည်ပတ်ချိန်တွေ မရှိနိုင်သလို သူငယ်ချင်းအချင်းချင်းလည်း မတွေ့ရတော့ပါဘူး။ ကလေးသဘာဝအရ ဆော့ကစားချင်တယ်ဆိုရင်လည်း အရင်လို ကစားကွင်းတွေသွားဆော့တာမျိုး၊ သူငယ်ချင်းတွေနဲ့ တွေ့ပြီး ဆော့တာမျိုးတွေ မလုပ်ရတဲ့ အခြေအနေပါ။ ကလေးသဘာဝအရ လွတ်လွတ်လပ်လပ်ပြေးလွှားဆော့ကစားတာကို ပိုကြိုက်နှစ်သက်ပေမယ့် အခုချိန်မှာတော့ အိမ်တွင်းအောင်းပြီး နေနေကြရပါတယ်။ ဒီလိုကိုဗစ်ကာလမှာ အပြင်မထွက်ရတာက လူကြီးတွေအတွက်သာမက ကလေးတွေပါ စိတ်မွန်းကျပ်စေပါတယ်။ ဒါကြောင့် ကလေးရှိတဲ့ မိသားစုတွေအနေနဲ့ နှစ်ပတ်တစ်ခါ (သို့မဟုတ်) တစ်လတစ်ခါ ဖြစ်ဖြစ် အပန်းဖြေခရီးတိုလေးသွားတာ ၊ အပေါင်းအသင်းမိတ်ဆွေတွေ စုပြီး မုန့်လုပ်စားကြတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ မိဘက အလုပ်တာဝန်တွေ များပါစေ ကိုယ့်ကလေးအတွက်အချိန်ပေးပြီး ကလေးမှာ စိတ်မွန်းကြပ်မှု၊ အထီးကျန်မှုတွေ မရှိအောင် အမြဲဂရုပြု စောင့်ကြည့်ပေးနေဖို့ လိုပါတယ်။ 

သတင်းဆောင်းပါးပါအချက်အလက်များကို Nway Oo Homeschooling အဖွဲ့မှ အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။ 

Share

က္က