နိုင်ငံ ၅၂ ခုရှိ ဆေးရုံ ၆၀၀ မှာ စမ်းသပ်လေ့လာနေပါတယ်

COVID-19 လူနာတွေအတွက် အလားအလာရှိ ကုသမှုအဖြစ် ရောင်ရမ်းမှုသက်သာစေတဲ့ ဆေးဝါး ၃ မျိုးကို နိုင်ငံ ၅၂ ခုရှိ ဆေးရုံ ၆၀၀ မှာ စမ်းသပ်လေ့လာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ဩဂုတ် ၁၁ ရက်နေ့မှာ ကြေညာပါတယ်။

Artesunate, Imatinib နဲ့ Infliximab လို့ခေါ်တဲ့ ဆေး ၃ မျိုးဟာ ဆေးရုံတက်ရတဲ့ COVID-19 လူနာတွေ သေဆုံးမှုလျော့ကျရေးမှာ အလားအလာရှိမှုအပေါ် လွတ်လပ်တဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့က လေ့လာသုံးသပ်သွားမယ်လို့ Solidarity PLUS စမ်းသပ်မှုနဲ့ ပတ်သက်တဲ့ WHO ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။



(WHO အကြီးအကဲ Tedros) (Photo: AFP)

Artesunate ဆေးကို ပြင်းထန်ငှက်ဖျားရောဂါ လူနာတွေမှာ အသုံးပြုနေပါတယ်။ Imatinib ကို ကင်ဆာရောဂါတွေအတွက်နဲ့ Infliximab ဆေးကိုတော့ ကိုယ်ခံစွမ်းအားဆိုင်ရာ ရောဂါတွေအတွက် အသုံးပြုနေကြောင်း သိရပါတယ်။ ယမန်နှစ်အတွင်း ပြုလုပ်ခဲ့တဲ့ မူလ Solidarity PLUS မှာတော့ Remdesivir, Hydroxychloroquine, Lopinavir/Ritonavir နဲ့ Interferon ဆေးဝါး ၄ မျိုးကို စမ်းသပ်လေ့လာခဲ့ရာ COVID-19 လူနာတွေမှာ အနည်းငယ်မျှ ထိရောက်မှုရှိ သို့မဟုတ် ထိရောက်မှုမရှိကြောင်း သုံးသပ်ခဲ့ကြပါတယ်။

ယခုအခါ WHO က COVID-19 ကုသဆေးတွေအဖြစ် နောက်ထပ် စမ်းသပ်လေ့လာနေတဲ့ ဆေး ၃ မျိုးအနက် Artesunate ကို အိန္ဒိယဆေးကုမ္ပဏီ Ipca က ထုတ်လုပ်ထားပြီး ငှက်ဖျားရောဂါကုသရာမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။ Imatinib ဆေးကို ဆွစ်ဇာလန်ဆေးကုမ္ပဏီ Novartis က ထုတ်လုပ်ထားပြီး ကင်ဆာရောဂါအချို့အတွက် အသုံးပြုနေပါတယ်။ Infliximab ကိုတော့ အမေရိကန်ကုမ္ပဏီ Johnson & Johnson က ထုတ်လုပ်ထားပြီး ကိုယ်ခံစွမ်းအားစနစ်ဆိုင်ရာ ရောဂါတွေကို ကုသရန်အသုံးပြုနေကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က