ဆီးချိုရောဂါဟာ အမျိုးသမီးတွေမှာ သေဆုံးနှုန်းမြင့်မားပေမယ့် အဖြစ်များတာတော့ အမျိုးသားတွေမှာ အဖြစ်များတယ်လို့ ကျန်းမာရေးစစ်တမ်းတွေက ဆိုပါတယ်။

ဆီးချိုရောဂါဟာ နာတာရှည်ရောဂါအမျိုးအစားဖြစ်ပါတယ်။ဆီးချိုရောဂါဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ သွေးတွင်းသကြားဓာတ်မြင့်တက်တာကြောင့် ဖြစ်ပါတယ်။ဆီးချိုရောဂါကို ကုသဖို့ဆေးမရှိသေးပါဘူး။ဒါပေမယ့် လူနေမှုပုံစံပြောင်းလဲခြင်းက ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ပါတယ်။



ဆီးချိုရောဂါဟာ အမျိုးသမီးတွေမှာ သေဆုံးနှုန်းမြင့်မားပေမယ့် အဖြစ်များတာတော့ အမျိုးသားတွေမှာ အဖြစ်များတယ်လို့ ကျန်းမာရေးစစ်တမ်းတွေက ဆိုပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ဆီးချိုရောဂါရဲ့ အန္တရာယ်ကို မပေါ့ဆသင့်ပါဘူး။

Photo-cdc.gov

ဆီးချိုရောဂါရှိနေလား ဆန်းစစ်ရမယ့် လက္ခဏာတွေ

၁။ရေငတ်ခြင်း

၂။ဗိုက်ဆာလွယ်ခြင်း

၃။မကြာခဏဆီးသွားခြင်း

၄။ရုတ်တရက် ကိုယ်လေးချိန် တိုးခြင်း ၊ ကျခြင်း

၅။ပင်ပန်းနွမ်းနယ်ခြင်း

၆။အမြင်အာရုံဝါးခြင်း

၇။အနာကျက်နှေးခြင်း

၈။အရေပြားရောဂါတွေခံစားရခြင်း

၉။အသားအရေတွန့်ခြင်း

၁၀။စိတ်တိုလွယ်ခြင်း

၁၁။ချိုသောအနံ့များရခြင်း

၁၂။ခြေလက်တွေ ထုံကျင်ခြင်း


ဆီးချိုရောဂါကြောင့် ဖြစ်နိုင်တဲ့ အမျိုးသမီးဆိုင်ရာ လက္ခဏာများ

မိန်းမကိုယ်နဲ့ ပါးစပ်တွင် မှက္ခရုများဖြစ်ခြင်း

မိန်းမကိုယ်ဧရိယာမှာ ပိုးဝင်တဲ့အခါ ယားယံတာ ၊ နာကျင်တာ ၊ အဖြူဆင်းတာ ၊ လိင်ဆက်ဆံစဉ်နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။သွေးတွင်းသကြားဓာတ်မြင့်မားတဲ့အခါ မှိုကြီးထွားမှုကို အားပေးတာကြောင့် မကြာခဏ မိန်းမကိုယ် ပိုးဝင်တတ်ရင် ဆီးချိုရောဂါကို သတိပြုပါ။

ဆီးပိုးဝင်ခြင်း

ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးများတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဖြစ်နိုင်ချေပိုများပါတယ်။ဘက်တီးရီးယားတွေက ဆီးလမ်းကြောင်းထဲကို ဝင်လာတဲ့အခါ UTIs တွေဖြစ်လာပါတယ်။ဆီးသွားတဲ့အခါ နာကျင်ပူလောင်တာ ၊ သွေးပါတာတွေက ဖြစ်တာက ဆီးပိုးဝင်တာကြောင့် အဖြစ်များပြီး ကျောက်ကပ်ကိုပါ ထိခိုက်နိုင်ပါတယ်။

လိင်စိတ်လျော့နည်းခြင်း

ဆီးချိုရောဂါရှိတဲ့အမျိုးသမီးတွေမှာ အမျိုးသမီးလိင်ပိုင်းဆိုင်ရာကမောက်ကမဖြစ်မှု တွေရှိတတ်ပါ တယ်။ဆီးချိူရောဂါကြောင့် အာရုံကြောအမျှင်တွေပျက်စီးတဲ့အခါ မိန်းမကိုယ်ဧရိယာအာရုံခံစားမှုနဲ့ လိင်စိတ်ကို ကျဆင်းစေပါတယ်။

သားဥအိမ်ရောဂါ

Polycystic ovary syndromeလို့ခေါ်တဲ့ သားဥအိမ်ရောဂါဟာ အမျိုးသားဟော်မုန်းပမာဏ ထုတ်လွှတ်မှုများတဲ့ အမျိုးသမီးတွေခံစားရလေ့ရှိပါတယ်။ရာသီမမှန် ၊ ကိုယ်အလေးချိန်တိုးလာတာ ၊ ဝက်ခြံပေါက်တာ ၊ စိတ်ဓာတ်ကျတာ ၊ ကလေးမရတာ ဒါတွေဟာ သားဥအိမ်ရောဂါကြောင့်ဖြစ်နိုင်ပါတယ်။polycystic ovary syndrome (PCOS) က အင်ဆူလင်ခုခံမှုကိုဖြစ်ပေါ်စေပြီး သွေးတွင်းသကြားဓာတ်ကိုမြင့်တက်စေတာကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်။

အသက် ၄၅ နှစ်အထက်၊ အဝလွန်သူ/ အဝလွန်မျိုးရိုးရှိသူ၊ ဆီးချိုရောဂါမျိုးရိုးရှိသူ၊ ၉ပေါင်ထက်ပိုတဲ့ ကလေးမွေးဖူးသူ၊ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုတက်သူ၊ သွေးတိုးရှိသူ၊ ကိုယ်လက်စထရောဓာတ်မြင့်သူ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူ၊ နှလုံးရောဂါနဲ့ဆက်စပ်ရောဂါတွေရှိသူ၊ သားဥအိမ်ပြဿနာရှိသောအမျိုးသမီးတွေက ဆီးချိုရောဂါဖြစ်နိုင်ချေများတယ်လို့ အမေရိကန်ကျန်းမာရေးအဖွဲ့အစည်း (OWH)က ထုတ်ပြန်ထားတဲ့ အချက်အလက်များအရ သိရပါတယ်။

ယခင်ကဆီးချိုရောဂါဟာ အသက်၄၀နဲ့၅၀ကြားအရွယ်မှာ ပိုအဖြစ်များပေမယ့် အခုနောက်ပိုင်းမှာတော့ လူနေမှုပုံစံနဲ့အစားအသောက်တွေအရ လူငယ် အသက်၃၀၀န်းကျင်တွေမှာပါ ဆီးချိုရောဂါအဖြစ်များကြပြီး ဒီလူတွေကို စစ်ဆေးကြည့်မယ်ဆိုရင် တာရှည်ခံအစားအစာတွေနဲ့ နေ့စဉ် အချိုရည်သောက်သုံးသူတွေ ဖြစ်ကြတယ်လို့ အာဟာရဗေဒဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာဆုမြတ်သဇင်က Duwun ကို ပြောပါတယ်။

ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ဆီးချိုရောဂါအန္တရာယ်ကို ထိန်းသိမ်းဖို့ဆိုရင် ကိုယ့်ရဲ့ လူနေမှုပုံစံကို ပြောင်းလဲကြည့်သင့်ပါတယ်။ လုပ်ရမယ့်အရာတွေက လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ စီးကရက်မသောက်ခြင်း၊ လတ်ဆတ်သောဟင်းသီးဟင်းရွက်သစ်သီးစားခြင်း၊ အစေ့အဆန်များအဓိကထားစားခြင်း၊ စေးထန်းသောအစာများလျှော့စားခြင်း၊ တာရှည်ခံအစားအစာများရှောင်ခြင်း၊ နို့ဆီနဲ့သကြား အမြဲစားသုံးတာရှောင်ခြင်း၊ သွေးတွင်းသကြားဓာတ်ကို တိုင်းတာပေးခြင်းတို့ ဖြစ်ပါတယ်။

Ref : CDC UK, Healthline



Share

Loading Next Article...
က္က