အအေးမိဖျားနာခြင်းဆိုတာ နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေကြရတဲ့ ကျန်းမာရေးပြဿနာပါ။
Photo: rapidmicrobiology
အခန့်မသင့်တဲ့ အချိန်မျိုးမှာ ဖြစ်လေ့ရှိပေမယ့် တစ်နှစ်ပတ်လုံးမိုးတွင်းနဲ့ ဆောင်းတွင်းမှာ အဖြစ်များလေ့ရှိပါတယ်။ သာမန်အအေးမိဖျားနာခြင်းက စိုးရိမ်စရာကောင်းတဲ့ ရောဂါမျိုးမဟုတ်ပေမယ့် လူကနေထိုင်လို့ မကောင်းတဲ့အခါ နေ့စဉ်ကိုယ်ပြုလုပ်နေကြအလုပ်တွေကိုတော့ လစ်ဟာမှုတွေရှိလာနိုင်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး တစ်နှစ်ပတ်လုံးမှာဆိုရင် လူကြီးတွေအနေနဲ့ (၂)ခါလောက်ဖြစ်နိုင်ပြီး ကလေးတွေဆိုရင်တော့ အကြိမ်ရေပိုနိုင်ပါတယ်။
Photo: CNN
အအေးမိဖျားနာခြင်းဆိုင်ရာ လက္ခဏာ
အအေးမိဖျားနာတဲ့အခါ အဓိက ခံစားရတဲ့ လက္ခဏာက နှာရည်ယိုခြင်းနဲ့ လည်ချောင်းနာခြင်း လက္ခဏာတွေပါ။ နောက်ပိုင်းမှာ နှာစေး ၊ချောင်းဆိုးဖြစ်ပေါ်လာပြီး ခေါင်းကိုက်တာ၊ ကိုယ်လက်အဆစ်အမြစ်တွေကိုက်ခဲတာနဲ့ ကိုယ်အပူချိန်တငွေ့ငွေ့နဲ့ ဖျားပြီး လူက နုံးချိနေတာမျိုးတွေခံစားရတတ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ကိုယ်ခံအားအပေါ်မူတည်ပြီး ခံစားရတဲ့ လက္ခဏာတွေ ကွာခြားနိုင်ပေမယ့် အနည်းဆုံး တစ်ပတ်၊ ဆယ်ရက် လောက်ကတော့ ဝေဒနာကို ခံစားကြရပါတယ်။
Photo: India Time
အအေးမိဖျားနာတာကို အိမ်မှာပဲဘယ်လိုကုသမလဲ
သာမန် အအေးမိဖျားနာခြင်းက တစ်ပတ်လောက်နေရင် အလိုလိုသက်သာလာတဲ့အတွက် အဓိက ကိုယ်ခံအားနဲ့ပဲ တိုက်ထုတ်ရမှာပါ။ ခန္ဓာကိုယ်အတွက် အားဖြစ်စေမယ့် အစားအစာတွေစားပေးဖို့တော့ လိုအပ်ပါတယ်။ အိမ်မှာ နားရုံနဲ့ သက်သာပြီး တော်ရုံနဲ့ ဆေးခန်းသွားစရာမလိုတဲ့ကျန်းမာရေးမျိုးပါ။ လူနာအနေနဲ့ လတ်တလောခံစားရတဲ့ဝေဒနာသက်သာအောင် နှာစေးချောင်းဆိုးပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေးနဲ့ ဖျားတဲ့အခါ ပါရာစီတမောလောက်သောက်ပေးရုံနဲ့ သက်သာနိုင်ပါတယ်။ အာဟာရပြည့်အောင်စားပြီး နွေးနွေးထွေးထွေးနေပေးရုံနဲ့ သက်သာပျောက်ကင်းနိုင်ပါတယ်။
Photo: DW
ဖျားနာခြင်းကင်းဝေးအောင် ဘယ်လိုနေထိုင်မလဲ
လူတိုင်းကတော့ ဖျားနာခြင်းနဲ့ မကင်းနိုင်ပါဘူး။ သို့ပေမယ့် ကိုယ်ခံအားစနစ် ကောင်းမွန်နေရင်တော့ ရာသီတုပ်ကွေးနဲ့ တော်ရုံဖျားနာခြင်းတွေကိုတော့ အလိုအလျောက်ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့လိုအပ်ပါတယ်။ အာဟာရရှိတဲ့ အစားအစာတွေစားပေးတာ၊ လေ့ကျင့်ခန်းလုပ်ပေးခြင်းနဲ့ ပုံမှန်အိပ်ချိန်အတိုင်း အိပ်စက်နိုင်အောင်ဂရုစိုက်ပေးတာတွေနဲ့ စိတ်ဖိစီးမှုတွေကင်းဝေးအောင် နေထိုင်ခြင်းတွေကလည်း ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။
အအေးမိဖျားနာခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွါးတဲ့ ရောဂါဖြစ်ပြီး နှာခေါင်းနဲ့ ပါးစပ်မှတစ်ဆင့် ခန္ဓာကိုယ်ထဲကို ပိုးဝင်ရောက်ခြင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်ခုခံအားရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် တစ်ပတ် ၊ (၁၀)ရက်အကြာမှာတော့ ဗိုင်းရပ်စ်ပိုးအန္တာရာယ်ကင်းစင်ပြီး သက်သာပျောက်ကင်းလာနိုင်ပါတယ်။ စိုးရိမ်ရတဲ့ ရောဂါမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်ခုခံအားစနစ်နည်းနေရင်တော့ ပြင်းထန်တဲ့ လက္ခဏာမျိုးတွေထိခံစားရနိုင်ပါတယ်။ ဒါကြောင့် အစားများများစားပါ၊ ကိုယ်ခံအားစနစ်ကောင်းမွန်အောင်နေထိုင်ပါ။ လိုအပ်တဲ့ဆေးဝါးတွေသောက်သုံးပြီး အနားယူနေထိုင်လိုက်ရင်တော့ အချိန်တိုအတွင်း သက်သာပျောက်ကင်းလာမှာဖြစ်တယ်လို့ ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုပြောကြားထားပါတယ်။
သတင်းဆောင်းပါးပါအချက်အလက်များကို ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။