တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ဖို့ ပျင်းရိတာ ၊ စိတ်မပါတာဟာ ကိုယ့်ကိုယ်ကို မချစ်တတ်ခြင်းရဲ့ အခြေခံအကြောင်းတရားပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုမရှိတဲ့လူတွေဟာ စိတ်ပိုင်းဆိုင်ရာရောဂါတွေ ၊ ရုပ်ပိုင်းဆိုင်ရာရောဂါတွေ ခံစားရတယ်ဆိုတာကို ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ စစ်တမ်းတွေ ၊ အထောက်အထားတွေ အများကြီးရှိပါတယ်။ ဒါကြောင့် စိတ်ကျန်းမာဖို့ ၊ လူကျန်းမာဖို့အတွက် အခြေခံဂရုစိုက်ရမယ့်အချက်က တစ်ကိုယ်ရေသန့်ရှင်းခြင်း ဖြစ်ပါတယ်။
တစ်ကိုယ်ရေမသန့်ရှင်မှုက ပေးတဲ့ အဓိက ရောဂါများ
ခြုံပြီးတော့ ပြောရမယ်ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းမှုမရှိရင် ဦးနှောက်နဲ့သက်ဆိုင်တဲ့ရောဂါများ၊ စိတ်မကျန်းမာခြင်း၊ ရုပ်ပိုင်းဆိုင်ရာမကျန်းမာခြင်းများ၊ သွေးကြောဆိုင်ရာရောဂါများ ဖြစ်တတ်ပါတယ်။ ဘယ်လိုတကိုယ်ရေမသန့်ရှင်းမှုက ဘာရောဂါတွေ ဖြစ်လဲဆိုတာ အသေးစိတ်ပြောရမယ်ဆိုရင်...
၁။ သွားမှန်မှန်မတိုက်ခြင်း
သွားမှန်မှန်မတိုက်တာ ၊ သွားကြားထဲမှာ ချေးတွေရှိနေဟာ ခံတွင်းမှာ အဖုအကျိတ်ဖြစ်တာ ၊ သွားဖုံးရောင်တာနဲ့ သွားအခေါင်းပေါက်တွေဖြစ်စေပါတယ်။ ဒါ့အပြင် သွားအခေါင်းပေါက်တွေကနေ တစ်ဆင့် အာရုံကြောတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကယ်လီဖိုးနီးယားသွားဘက်ဆိုင်ရာအသင်းဥက္ကဌဖြစ်တဲ့ နာတာရှာလီကတော့ သွားမှန်မှန်မတိုက်ခြင်းက သွားဖုံးရောဂါ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါလို ရောဂါတွေဖြစ်ပွားရခြင်းနဲ့ ဆက်စပ်မှုရှိတယ်လို့ ပြောကြားခဲ့ကြောင်း ကျန်းမာရေးဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ thehealthy.com က ရေးသားထားပါတယ်။
၂။ ရေမချိုးခြင်း
Photo-health.com
ရေချိုးတာဟာ ခန္ဓာကိုယ်ရဲ့အနံ့အသက်ကို ထိန်းထားတာထက်ပိုအရေးကြီးတဲ့ ရည်ရွယ်ချက်တွေရှိပါတယ်။ ဆပ်ပြာနဲ့ရေဟာ အရေအပြားပေါ်က အဖုအပိန့်တွေသာမက အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်။ ဘက်တီးရီးယားတွေ ကြီးထွားလာဖို့အတွက် အရေပြားပေါ်က ဆဲလ်သေ ( ချေးတွေ)ဟာ အစာဖြစ်ပါတယ်။ ဒါကြောင့် ရေမှန်မှန်မချိုးဘူးဆိုရင် အရေပြားရောဂါတွေနဲ့ ရောဂါပိုးကူးစက်မှုအန္တရာယ်တွေ ဖြစ်နိုင်ချေအမြင့်ဆုံးဖြစ်ပါတယ်။
၃။ မိတ်ကပ်မဖျက်ဘဲနေခြင်း
Photo-shutterstock_
မိတ်ကပ်လိမ်းတတ်သူဆိုရင် မိတ်ကပ်မဖျက်ဘဲ မအိပ်ပါနဲ့ ။ မိတ်ကပ်မဖျက် ၊ မျက်နှာသေချာမသန့်စင်ခြင်းက ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေ ၊ ရောင်ရမ်းမှုတွေဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် mascara ၊ eyeliner ၊ eye shadow စတဲ့ မျက်ဝန်းတစ်ဝိုက်လိမ်းခြယ်ထားတဲ့အရာတွေကလည်း သေချာမသန့်စင်တဲ့အခါ မျက်ခွံအတွင်းထဲ ဝင်ရောက်ပြီး မျက်စိနဲ့ပတ်သတ်တဲ့ ဝေဒနာတွေခံစားရနိုင်တဲ့အပြင် မျက်စိကွယ်တဲ့အထိ အန္တရာယ်များတာမို့ မိတ်ကပ်ဖျက်ပြီးမှ အိပ်ပါ။
၄။ လက်သည်းမညှပ်ခြင်း
လက်သည်း ၊ ခြေသည်းတွေဟာ ရောဂါပိုးသယ်ဆောင်တဲ့ နေရာတွေဖြစ်ပြီး သန့်ရှင်းမှုမရှိရင် ရောဂါပိုးတော်တော်များများကို ကိုယ်တိုင်သယ်ဆောင်လာသလို ဖြစ်စေပါတယ်။ လက်သည်းပိုးဝင်ခြင်းအပြင် ယားနာရောဂါများ ၊ ဝမ်းရောဂါများ နဲ့ အခြားရောဂါများ ဖြစ်နိုင်ပါတယ်။ဒါကြောင့် လက်သည်း ခြေသည်းတွေကို သပ်သပ်ရပ်ရပ်ညှပ်ပြီး သန့်ရှင်းနေခြင်းက ရောဂါတော်တော်များများကို ကာကွယ်နိုင်ပါတယ်။
၅။ လက်မဆေးခြင်း
လက်ဆေးတယ်ဆိုရာမှာ လက်ကို ဆပ်ပြာနဲ့သေသေချာချာဆေးကြောခြင်းကို ဆိုလိုပါတယ်။ လက်ဟာ ဘက်တီးရီးယားများ ၊ ဗိုင်းရပ်စ်များ ကယ်တွယ်နိုင်ချေမြင့်တဲ့နေရာဖြစ်ပါတယ်။ အစားမစားမီ ၊ အိမ်သာအထွက် ၊ ချောင်းဆိုး နှာချေခြင်း ၊ မသန့်ရှင်းသောပစ္စည်းများကိုင်တွယ်ပြီးတဲ့အခါ လက်ကို ဆပ်ပြာနဲ့ သေသေချာချာဆေးကြောသင့်ပါတယ်။လက်ဆေးခြင်းက ကမ္ဘာမှာဖြစ်ပွားနေတဲ့ ကိုဗစ်၁၉ရောဂါကိုတောင် အထိုက်အလျောက်ကာကွယ်နိုင်စွမ်းရှိတာ ဖြစ်ပါတယ်။
၆။ အိပ်ရာခင်းနဲ့အစွပ်များ မလဲလှယ်ခြင်း
Photo- shutterstock_
ကိုယ်အိပ်တဲ့ အိပ်ရာရဲ့ အခင်းတွေ ၊ အစွပ်တွေကို မကြာခဏ လျှော်ဖွတ် လဲလှယ်ပေးသင့်ပါတယ်။ အိပ်ရာခင်းတွေဟာ ဘက်တီးရီးယား၊ မှို၊ ဖုန်မှုန့် နဲ့ ရောဂါပိုးမွှားတွေ ပေါက်ဖွားဖို့ နေရာကောင်းဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရာခင်းနဲ့အစွပ်တွေကို မကြာခဏလျှော်ဖွပ်လဲလှယ်တာမရှိရင် အရေပြားရောဂါ ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်ပွားစေပါတယ်။
၇။ အတွင်းခံများ ပုံမှန်မလျှော်ဖွတ်ခြင်း
Photo-shutterstock
အမျိုးသမီးတွေအနေနဲ့ ဘရာစီယာနဲ့ အတွင်းခံဘောင်းဘီတွေကို ပုံမှန်မလျှော်ဖွတ်တာ ၊ မလျှော်ဘဲ ပြန်ဝတ်တာဟာ အလွန်အန္တရာယ်များပါတယ်။ မှိုကူးစက်မှုတွေ၊ မှက္ခရု နဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွေဖြစ်စေနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းက ကျောက်ကပ်သို့သွားနိုင်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် မှိုကူးစက်မှုတွေကလည်း အမျိုးသမီးတွေအနေနဲ့ ကလေးမရနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
ကာကွယ်ခြင်းက ကုသခြင်း ပိုကောင်းတယ်ဆိုတဲ့စကားအတိုင်း ရောဂါတွေဖြစ်မလာအောင် မိမိဘက်က ကာကွယ်နိုင်တဲ့နည်းလမ်းတွေရှိတဲ့အခါ ကာကွယ်ဖို့ကိုပဲ ဆေးပညာရှင်တွေက အကြံပြုလေ့ရှိပါတယ်။ဒါကြောင့် မိမိစိတ်ကြည်လင်ဖို့နဲ့ ရောဂါအတော်များများကို ကာကွယ်နိုင်အောင် တစ်ကိုယ်ရေသန့်ရှင်းရေးကို မှန်မှန်လုပ်ဆောင်ကြပါလို့ အကြံပြုလိုက်ပါရစေ။
Ref: thehealthy,com