ထိပ်ကပ်နာဆိုတာ နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ လေအိတ်လေးတွေယောင်ယမ်းတဲ့အခါဖြစ်တတ်ပါတယ်။
Photo: The Ohio
ထိပ်ကပ်နာဟာ ဗိုင်းရပ်စ် ၊ ဘက်တီးရီးယားနဲ့ မှိုကြောင့်ရောဂါပိုးဝင်ရောက်လေ့ရှိပါတယ်။ အအေးမိတဲ့အခါ၊ ဓာတ်မတည့်တဲ့ဖြစ်စဉ်တွေနဲ့ နှာခေါင်းအတွင်းမှာ ပုံမှန်ဖွဲ့စည်းပုံမဟုတ်ဘဲ အသားပိုတွေရှိနေတဲ့ အခါ နှာခေါင်းအတွင်းပိတ်ဆို့မှုတွေဖြစ်လေ့ရှိပါတယ်။ အဲဒီကနေတစ်ဆင့် လေအိတ်လေးတွေထဲမှာ အရည်တွေစုလာပြီး ပိုးမွှားတွေအဖြစ်ပေါက်ဖွားလာတဲ့အခါမှာ ထိပ်ကပ်နာရောဂါဖြစ်ပွါးတာပါပဲ။ ထိပ်ကပ်နာရောဂါဟာ သေစေနိုင်တဲ့ရောဂါမဟုတ်ပေမယ့် လူကိုတော့ အနေအထိုင်ကြပ်စေပါတယ်။ အမြဲနှာရည်ယိုစီးကျနေခြင်းနဲ့ ခေါင်းကိုက်တဲ့ဝေဒနာကိုခံစားရတာကြောင့် လူ့ပတ်ဝန်းကျင်မှာ သွားရလာရမလွယ်ကူတဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။
Photo: Self
ထိပ်ကပ်နာရောဂါ အမျိုးအစား
ထိပ်ကပ်နာရောဂါကို ရုတ်တရက်ဖြစ်ပွါတတ်ခြင်းနဲ့ နာတာရှည်ရောဂါဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ခံစားရတဲ့ ရောဂါလက္ခဏာတွေကတော့ အကြမ်းမျဉ်းအားဖြင့်အတူတူပါပဲ။ ရုတ်တရက်ဖြစ်ပွါးတဲ့ သူတွေအနေနဲ့ကတော့ ရောဂါဒဏ်ပိုပြီးပြင်းထန်တတ်ပါတယ်။ နာတာရှည်ခံစားရတဲ့ သူကတော့ အနည်းဆုံး သုံးလအထက်ကြာတတ်ပြီး တစ်ခါတစ်ရံမှသာပြင်းထန်တဲ့အဆင့်ကိုခံစားရတတ်တာပါ။ နာတာရှည်ခံစားရတဲ့သူတွေဟာ ရောဂါသက်သာပျောက်ကင်းသွားပြီးနောက်ပိုင်းမှာလည်း ရောဂါကိုပြန်လည်ခံစားရတာမျိုးတွေရှိပါတယ်။
ထိပ်ကပ်နာဖြစ်ရင် ခံစားရတဲ့ လက္ခဏာများ
ထိပ်ကပ်နာဖြစ်တဲ့သူတွေဟာ အဓိက နှာစေးနှာရည်ကျတာနဲ့ ခေါင်းကိုက်တဲ့ဝေဒနာကို ခံစားကြရပါတယ်။ ဒါ့အပြင် နှာခေါင်းနောက်အတွင်းပိုင်းကနေ လည်ချောင်းထဲကို နှာရည်တွေစီးကျသလို ကပ်စေးနေသလိုခံစားရခြင်းကြောင့် နေထိုင်ရခက်ခဲခြင်း၊ နှာပိတ်ခြင်း၊ အနံ့ ၊အရသာ ခံစားမှုလျော့ကျလာခြင်းအပါအဝင် မျက်လုံးတစ်ဝိုက်နဲ့ နှာခေါင်းတစ်ဝိုက်ကိုဖိတဲ့အခါ နာကျင်တဲ့ဒဏ်ကို ခံစားရခြင်းတွေဖြစ်ပေါ်တတ်ပါတယ်။
Photo: Health grades
ဘယ်လိုကုသမလဲ
ထိပ်ကပ်နာခံစားရပါက အနားယူပါ။ အရည်များများသောက်ပေးပါ။ ရေနွေးငွေ့ရှူပေးခြင်းကလည်း သက်သာပျောက်ကင်းစေပါတယ်။ ထိပ်ကပ်နာဖြစ်ရခြင်းက ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းကြောင့်ဖြစ်တဲ့အတွက် ပိုးသတ်ဆေးသောက်သုံးပေးနိုင်ပါတယ်။ ပိုးသတ်ဆေးဟာ အူနဲ့ အစာအိမ်တို့မှာရှိတဲ့ ဘက်တီးရီးယားပိုးတွေကိုပါ သေစေနိုင်တာကြောင့် ခုခံအားစနစ်ကျဆင်းစေတာမျိုးတော့ ကြုံတွေ့ရနိုင်ပါတယ်။ သို့ပေမယ့်လည်း ထိပ်ကပ်နာအတွက် ပိုးသတ်ဆေးသောက်သုံးမှ ပိုးသေနိုင်မှာဖြစ်လို့ ဆေးလည်းမှီဝဲသလို အာဟာရရှိတဲ့အစားအစာတွေကိုလည်းစားသုံးပေးသင့်ပါတယ်။
Photo: The Neuro
ထိပ်ကပ်နာရောဂါဟာ သာမန်အအေးမိရောဂါလက္ခဏာနဲ့ ဆင်ပါတယ်။ ပုံမှန်ဖြစ်ပွါးသူကတော့ တစ်ပတ်လောက်ကြာတတ်ပြီး နာတာရှည်သမားကတော့ သုံးလအထက်တော့ကြာတတ်ပါတယ်။ ထိပ်ကပ်နာရောဂါဟာအိမ်မှာပဲ ကုသရုံနဲ့ ပျောက်ကင်းနိုင်တဲ့ရောဂါပါ။ နာတာရှည်ဖြစ်ပွါးတဲ့သူတွေအနေနဲ့ကတော့ ဆရာဝန်ပြသပြီး ညွှန်ကြားတဲ့ဆေးတွေသောက်သုံးဖို့လိုပါတယ်။ ရေများများသောက်ပါ၊ ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေစားပေးပါ။ ထိပ်ကပ်နာဖြစ်တဲ့သူတွေဟာ အိပ်စက်တဲ့အချိန်မှာ နှာခေါင်းပိတ်တတ်တဲ့အတွက် မအိပ်ခင်မှာ ရေနွေးငွေ့ရှူပေးတာနဲ့ နှာပိတ်တဲ့အခါနှာခေါင်းထဲထည့်တဲ့ ဆေးရည် ထည့်ပေးခြင်းဖြင့်သက်သာစေပါတယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုထိရောက်တဲ့အတွက် ထိပ်ကပ်နာမဖြစ်အောင် အငွေ့အမှုန်တွေကိုရှောင်ပါ၊ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ပါ၊ အအေးမမိအောင်နေထိုင်ပါ။ အလွယ်တကူဝယ်လို့ရတဲ့ဆေးတွေနဲ့ အိမ်တွင်းကုထုံးနည်းတွေကရောဂါကို သက်သာစေပါတယ်။ ရောဂါက (၁၀)ရက်ထက်ကြာနေရင်တော့ ဆရာဝန်နဲ့ ပြသတာအကောင်းဆုံးပါလို့ ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုပြောကြားထားပါတယ်။
သတင်းဆောင်းပါးပါအချက်အလက်များကို ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။