ဆယ်ကျော်သက်အရွယ်ဆိုတာ မိဘတွေအတွက် ထိန်းရသိမ်းရခက်ခဲတဲ့အရွယ်လို့ ဆိုရင်လည်းမမှားပါဘူး။

ကလေးတစ်ယောက်မွေးလာပြီဆိုရင် မွေးစကနေ လူလားမြောက် အရွယ်ရောက်တဲ့အထိ မိဘတွေက ပြုစုပျိုးထောင်ပေးကြရပါတယ်။

Photo: Excellence

ကလေးတွေကို ပြုစုပျိုးထောင်ပေးရာမှာ ကလေးရဲ့ အသက်အရွယ်ကိုလိုက်ပြီး မိဘက သူတို့နဲ့သင့်တော်တဲ့ ပြုစုပျိုးထောင့်ရမယ့် နည်းလမ်းတွေကို သိထားဖို့ လိုပါတယ်။

အထူးသဖြင့် ဆယ်ကျော်သက်အရွယ် ကလေးတွေကို ပြုစုပျိုးထောင်တဲ့အခါ ကလေးနဲ့ မိဘအကြား သဘောထားမတိုက်ဆိုင်မှုတွေ ၊ ပဋိပက္ခတွေ ဖြစ်တတ်ကြပါတယ်။ဆယ်ကျော်သက်ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ ဘာကြောင့်ခက်ခဲရတာလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းသင့်သလဲဆိုတာကို Duwun Lifestyle Parenting ကဏ္ဍမှာ မျှဝေပေးသွားမှာပါ။

Photo: Excellence

ခေတ်နဲ့အညီပြုစုပျိုးထောင်နည်းကို လက်ခံကျင့်သုံးပါ

အရင်ခေတ်က မိဘတွေရဲ့ အုပ်ထိန်းမှုပုံစံကတော့ သားသမီးတွေအပေါ် ဂရုစိုက်လွန်ကဲပြီး လွှမ်းမိုးစေတာပါ။ မိဘက ဒါလုပ်ရင် လုပ်၊ ဒီနေရာသွားဆိုရင် သွားဆိုတာမျိုး၊ မိဘက ပိုအသက်ကြီးတဲ့အတွက် မိဘကပြောတာအမှန်ဆိုတာမျိုး လုပ်တတ်ကြတာပါ။ ဒါပေမယ့်အခုနောက်ပိုင်းမှာတော့ မိဘတွေရဲ့ အုပ်ထိန်းမှုပုံစံက ပြောင်းလဲလာပါပြီ။ အကောင်းဆုံး အုပ်ထိန်းမှုပုံစံကတော့ တရားလွန်ထိန်းချုပ်တာ၊ တရားလွန်လျှော့ပေးတာမျိုးမဟုတ်ပါဘူး။ ခေတ်ကာလနဲ့ လျော်ညီတဲ့ အုပ်ထိန်းမှုပုံစံနဲ့ ပြုစုပျိုးထောင်သင့်တဲ့နည်းလမ်းတွေကို မိဘတွေ သိမြင်လာကြပြီဖြစ်ပါတယ်။ ဒါပေမယ့် လက်ခံကျင့်သုံးဖို့ ခက်ခဲနေကြတာပါ။ ပထမဆုံးအနေနဲ့ အုပ်ထိန်းမှုပုံစံတွေ ပြောင်းလဲလာတာကို သိရုံနဲ့ မရပါဘူး။ ကလေးနဲ့ မိမိကြားမှာ ပြုမူနေထိုင်တတ်ဖို့ လိုအပ်ပါတယ်။

Photo: Healthy Sense of Self

မျိုးဆက်ကွာဟမှုနဲ့ ဗဟုသုတကွာဟမှု

မိဘတွေရဲ့ ကျင်လည်လာကြတဲ့ မျိုးဆက်နဲ့ ကလေးတွေ ရှင်သန်ရမယ့် မျိုးဆက်ကလည်း အဓိက ကလေးနဲ့ မိဘအကြား ကတောက်ကဆဖြစ်စေတဲ့အကြောင်းရင်းတစ်ခုပါ။ ဒီလိုမျိုးဆက်ကွာဟချက်အပြင် အသိပညာဗဟုသုတကွာဟာမှုကိုလည်း မိဘတွေ လက်သင့်ခံဖို့ လိုပါတယ်။ ဒီလိုကွာဟမှုတွေ မဖြစ်ချင်ဘူးဆိုရင် မိဘတွေအနေနဲ့ လေ့လာဖြည့်ဆည်းထားဖို့လိုအပ်ပါတယ်။ ဒီလို ကွာဟမှုတွေကို မိဘတွေကိုယ်တိုင် လေ့လာဖြည့်ဆည်းရင်း ကောင်းမွန်တဲ့ Parenting Style ကို ကျင့်သုံးပြီးသား ဖြစ်သွားနိုင်ပါတယ်။

Photo: University of California

ကလေးနဲ့ အတူတူကြီးထွားပါ

ကလေးက သူ့အသက်အရွယ်မှာ သူတို့စိတ်ဝင်စားတဲ့အရာလေးတွေက မိဘတွေအတွက် အမြင်စောင်းစေနိုင်တာကလည်း ကလေးနဲ့မိဘအကြား မျိုးဆက်ကွာဟမှုတွေကြောင့်ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ကောင်းမွန်တဲ့အုပ်ထိန်းမှုပုံစံဖြစ်ဖို့ ဆိုရင် ကလေးနဲ့ အတူတူ ကြီးထွားဖို့ လိုအပ်ပါတယ်။ ကလေးက သူ့အရွယ်လေးနဲ့ လုပ်ချင်တဲ့အရာကို မိဘကိုယ်တိုင် နားလည်ပြီး လိုက်လုပ်နိုင်အောင်ကြိုးစားပါ။ ဥပမာ- ကလေးက ဆယ်ကျော်သက် အပျိုဖော်ဝင်စအရွယ် လှချင်ပချင်စိတ်ရှိလာချိန်မှာ အလှပြင်ဆင်တာမျိုး ရှိလာတတ်ပါတယ်။ အဲဒီလိုတွေ ကြုံတဲ့အခါ မိဘတွေအနေနဲ့ ကလေးအရွယ်မှာ ပြောင်းလဲလာတဲ့စိတ်ကို နားလည်ပေးတတ်ဖို့ လိုအပ်ပြီး မိခင်ကိုယ်တိုင်ပါ ကလေးနဲ့ အတူတူ အလှပြင်ပစ္စည်းတွေအကြောင်း ဆွေးနွေးကြတာမျိုး၊ အလှတူတူပြင်ကြတာမျိုး လုပ်နိုင်ပါတယ်။ ဒါက ကလေးနဲ့ အတူတူကြီးထွားပါဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သူတို့ခေတ်မှာ လုပ်ချင်တဲ့အရာကို မပိတ်ပင်လဲ ကိုယ်တိုင်လိုက်လုပ်နိုင်အောင် ကြိုးစားပါ။ သူတို့အရွယ်လေးတွေက ဘာတွေကိုကြိုက်နှစ်သက်သလဲ။ ဘယ်လိုပြုမူနေထိုင်တတ်သလဲဆိုတာကို လေ့လာထားသင့်ပါတယ်။

Photo: SOS

ကလေးကိုထိန်းချုပ်သင့်တဲ့အရာတွေ

ဆယ်ကျော်သက်အရွယ်ဆိုတာ မိဘတွေအတွက် ထိန်းရသိမ်းရခက်ခဲတဲ့အရွယ်လို့ ဆိုရင်လည်းမမှားပါဘူး။ ဆယ်ကျော်သက်အရွယ်ရောက်လာပြီဆိုရင် ကလေးတွေကို လွတ်လပ်ခွင့်ပေးသင့်တယ်ဆိုရပေမယ့် တစ်ချို့အရာတွေက အမြဲမပြတ် ကလေးရဲ့ အခြေအနေကို စောင့်ကြည့်နေဖို့လည်း လိုအပ်ပါသေးတယ်။ ကောင်းမွန်တဲ့ မိဘအုပ်ထိန်းမှုပုံစံဆိုတာက ကလေးကို မထိန်းချုပ်ဘဲ လွတ်လပ်စွာရှင်သန် နေထိုင်ခွင့်ပေးရမယ်ဆိုပေမယ့် လုံးဝမထိန်းချုပ်ဘဲ ထားပါလို့ မဆိုလိုပါဘူး။  

လိင်မှုကိစ္စကို အထူးသတိထားပေးပါ

Photo: AboutKids

အဓိကက လိင်ကိစ္စနဲ့ ပတ်သက်ရင် ဆယ်ကျော်သက်အရွယ်တွေကို အထူးသတိထားဖို့လိုအပ်ပါတယ်။ လိင်ကိစ္စနဲ့ပတ်သက်တဲ့ အန္တရာယ်ဆိုတာ ဘယ်လိုကြုံတတ်တယ်ဆိုတာ ပြောပေးပါ။ လိင်မှုကိစ္စနဲ့ပတ်သက်တဲ့ ပညာပေးတွေ ပြောပေးပါ။ လိင်ဖွံဖြိုးလာတဲ့ ဆယ်ကျော်သက်အရွယ်မှာ လိင်နဲ့ပတ်သက်တဲ့အမှားမျိုး မဖြစ်ရအောင် ကာကွယ်ပေးသင့်တာ၊ ထိန်းချုပ်သင့်တာထိန်းချုပ်ရပါမယ်။ လိင်ဖွံဖြိုးလာတဲ့အချိန်မှာ မမှားသင့်တာမမှားရအောင် ဒါတွေက ဆူဆိုက်ကိစ္စတွေ ဖြစ်လာတဲ့အထိဖြစ်တဲ့အတွက် တရားလွန်မလွှတ်ပေးသင့်ပါ။

လွတ်လပ်ခွင့်ကို ကိုပေးသင့်တာထက် ပိုမပေးသင့်ပါ။

ဆယ်ကျော်သက်အရွယ်တွေကို လွတ်လပ်ခွင့်ကိုပေးသင့်သလောက်ပေးရမယ်ဆိုပေမယ့် လွန်လွန်ကျွံကျွံ လွတ်လပ်ခွင့်ကိုပေးတာမျိုးမလုပ်ရဘူး။ ကလေးက သူ့အခန်းထဲသူနေတာပါ။ ကိုယ်က လုံး၀၀င်မကြည့်ဘူးဆိုတာမျိုး လွှတ်ပေးထားတာမျိုးမလုပ်သင့်ပါဘူး။ ကလေးရဲ့ အမူအကျင့်ကို လေ့လာဆန်းစစ်နေဖို့ လိုပါတယ်။ အခန်းထဲမှာ မူးယစ်ဆေးသုံးနေသလား။ အချင်းချင်း အနိုင်ကျင့်နေသလား ကလေးရဲ့ အပြူအမူတွေက အဆိုးဘက်ကို ရောက်နေသလားဆိုတာကို အမြဲမပြတ် ဂရုစိုက်စောင့်ကြည့်နေဖို့ လိုပါတယ်။

ကလေးကို လွန်လွန်ကဲကဲ ဂရုစိုက်တာမျိုး မလုပ်ရဘူးဆိုပေမယ့် လုံးဝဂရုမစိုက်တာမျိုး မလုပ်ရဘူးဆိုတာ မိဘတွေ သိထားဖို့ လိုအပ်ပါတယ်။

သတင်းဆောင်းပါးပါ အချက်အလက်များကို Nway Oo Home Schooling မှ အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။

Share

က္က