လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေအရ အာဖဂန်နစ္စတန်မှ Facebook သုံးစွဲသူတွေရဲ့ လုံခြုံရေးအတွက် လူမှုကွန်ရက်မိတ်ဆွေစာရင်းကို ကုမ္ပဏီဘက်က Hide လုပ်ပေးထားတယ်လို့ ဆိုပါတယ်။
Facebookရဲ့ လုံခြုံရေးမူဝါဒရေးရာ အကြီးအကဲ နသန်နီယယ် ဂလိုင်ချာရဲ့အဆိုအရ Facebook သုံးသူတွေ ဘေးကင်းလုံခြုံစေဖို့ Friends List ဝှက်ပေးတာအပြင် လူမှုကွန်ရက်အကောင့်တွေကို အမြန် Lock Down လုပ်နိုင်မယ့် Tools တစ်ခုပါ ထည့်ပေးထားတယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။ Facebook ဟာ အာဖဂန်တက်ကြွလှုပ်ရှားသူတွေ ၊ ဂျာနယ်လစ်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဆီက တုံ့ပြန်မှုကို အခြေခံပြီး အပြောင်းအလဲတွေ လုပ်ထားတာလို့လည်း Twitter ပေါ်မှာ ဂလိုင်ချာက ရေးထားပါတယ်။
Photo: pcmag
ပြီးခဲ့တဲ့ သီတင်းပတ်ကျော်က အာဖဂန်နစ္စတန် တစ်နိုင်ငံလုံးကို တာလီဘန်အုပ်စုက ထိန်းချုပ်ထားခဲ့ပြီးနောက် တာလီဘန်တွေဟာ လူမှုကွန်ရက်ပေါ်ကနေ သူတို့ရဲ့ သတင်းစကားကို ဖြန့်ဖို့ ကြိုးစားခဲ့ပေမယ့် Facebook နဲ့ YouTube တို့ကတော့ တာလီဘန်တွေရဲ့ Content တွေကို ပိတ်ပင်ခဲ့ပါတယ်။ NBC သတင်းအရ အာဖဂန်နစ္စတန်က ပြည်သူတွေဟာ တာလီဘန်တွေကို ကြောက်တာကြောင့် အနောက်နိုင်ငံတွေ ၊ အာဖဂန်အစိုးရ ဒါမှမဟုတ် အာဖဂန်စစ်တပ်နဲ့ ဆက်သွယ်မှုရှိတဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက်အကောင့်တွေကို ဖုန်းတွေပေါ်ကနေ ဖျက်ပစ်နေကြတယ်လို့လည်း ဆိုပါတယ်။
အခုတော့ Facebook ကနေ ကိုယ့် ပရိုဖိုင်ကို သူစိမ်းတွေ ဝင်မကြည့်နိုင်အောင် Lock ခတ်ထားလို့ရမယ့် Feature ကို အာဖဂန်ပြည်သူတွေအတွက် ဖြန့်ချိထားတာပါ။ "Profile ကို Lock ချထားရင် ကိုယ်နဲ့ Friend မဟုတ်တဲ့လူတွေ ဝင်ပြီး အချက်အလက် ဒေါင်းလုပ်ဆွဲတာ ၊ ပရိုဖိုင်ပုံမျှဝေတာ ၊ ဒါမှမဟုတ် Timeline ပေါ်က ပို့စ်တွေ ကြည့်တာမျိုး လုပ်နိုင်မှာ မဟုတ်ပါဘူး" လို့လည်း ဂလိုက်ချာက ဆိုပါတယ်။
Photo: Yahoo News
Facebook ပိုင် လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Instagram မှာလည်း ကိုယ့်အကောင့်တွေကို ကာကွယ်ဖို့ နည်းလမ်းအဆင့်ဆင့်တွေ မျှဝေထားတဲ့ Pop-Up Alert သတိပေးမှုတွေကို အာဖဂန်လူမှုကွန်ရက်သုံးစွဲသူတွေဆီ ဖြန့်ချိပေးထားပါတယ်။ Facebook အနေနဲ့ လုံခြုံရေးခြိမ်းခြောက်မှုသစ်တွေကို တုံ့ပြန်ဖို့ အထူးအော်ပရေးစင်တာတစ်ခုလည်း ထပ်တိုးထားပြီး အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။