In partnership with  logo
ဆယ်ကျော်သက်မိန်းကလေးတွေအတွက် ဘဝကို ရင်ဆိုင်ဖို့ ခွန်အားတွေပေးတဲ့ စာအုပ်တွေပါ။

ဆယ်ကျော်သက်အရွယ်ဟာ တကယ်ကို စိတ်ရောလူပါ ပျိုမြစ်နုနယ်ပြီး အပြစ်ကင်းတဲ့ အရွယ်လေးတွေပါ။ ဒီအရွယ်လေးတွေမှာ ဖတ်တဲ့စာအုပ်ဟာလည်း အဆိပ်အတောက်စာပေဖြစ်နေခဲ့ရင် ဦးနှောက်လေးတွေ နုနယ်နေတဲ့အတွက် အတွေးမှား အမြင်မှားတွေ ရှိသွားတတ်ပါတယ်။ 



ဒါ့ကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေ ဖတ်သင့်တဲ့ စာအုပ်(၅) အုပ်ကို ပြောပြပေးသွားချင်ပါတယ်။ 

၁။ သမီးလေးဖတ်ဖို့ (ကောင်းသန့်)  

ဓာတ်ပုံ - tabbookcentre.com

ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ထွက်ရှိခဲ့တဲ့ စာရေးဆရာကောင်းသန့်ရဲ့ သမီးလေးဖတ်ဖို့ စာအုပ်စီးရီးဟာ ယခုထိတိုင် ဆယ်ကျော်သက်မိန်းကလေးတွေအတွက် ဖတ်သင့်တဲ့ စာအုပ်အဖြစ် တည်ရှိနေတုန်းပါပဲ။ သမီးကလေးရေလို့ အစချီပြီး ဘဝနေထိုင်နည်းတွေကို ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ ဖြည်းဖြည်းအေးအေးကလေး နားဝင်‌အောင် ဆိုဆုံးမနေသလို ခံစားရမယ့် စာအုပ်ကလေးဖြစ်ပါတယ်။ တစ်အုပ်ချင်းစီအလိုက် ဝယ်လို့ရသလို ပေါင်းချုပ်လည်း ဝယ်ယူလို့ရပါတယ်။ 

၂။သမီးတွေကို ပြောပြပေးပါ (ဒေါက်တာဖြိုးသီဟ)  

ဓာတ်ပုံ - အောင်မြင် စာရေးကိရိယာနှင့်စတိုး

သမီးတွေကိုပြောပြပေးပါဆိုတဲ့ ခေါင်းစဉ်လေးအတိုင်း ဆယ်ကျော်သက် မိန်းကလေး တွေဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ သိသင့်သိထိုက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်တည်မှု ၊ ခွဲခြားဆက်ဆံခံရမှုတွေကို ဘယ်လိုတွန်းလှန်လို့ရမလဲဆိုတာတွေအပြင် ဘဝအသက်ရှင်နေထိုင်မှုလမ်းညွှန်စကားတွေ၊ သတ္တိခွန်အားတွေနဲ့ ဆယ်ကျော်သက်တို့ သိသင့်တဲ့ အမျိုးသမီးကျန်းမာရေးကိစ္စတွေကိုပါ ရေးသားဖော်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။  

၃။ညီမ‌လေးက အချစ်ကို ကိုးကွယ်သတဲ့လား (မိုးမိုးအင်းလျား) 

onlinemmebook.blogspot.com

ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေဟာ စိတ်ကူးယဉ်ပြီး အချစ်ဆိုတဲ့ အရာကို စူးစမ်းချင်တတ်ကြပါတယ်။ ဒီစာအုပ်လေးကတော့ စိတ်ကစားတတ်တဲ့ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက် အချစ်နောက်ကို စိတ်အလိုလိုက်ပြီး လိုက်မိရာကနေ ကြုံတွေ့လာရတဲ့အရာတွေကို သင်ခန်းစာရစေတဲ့စာအုပ်တစ်အုပ်ပါ။ ဆယ်ကျော်သက်တွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားဖို့ ၊ စိတ်အလိုမလိုက်ဖို့ ၊ အချစ်ဆိုတဲ့ အရာကို မစူးစမ်းဘဲ ဘဝတက်လမ်းကိုသာ အာရုံစိုက်ဖို့ လမ်းညွှန်ပြသထားတဲ့ စာအုပ်လေးဖြစ်ပါတယ်။ 

၄။မေတ္တာရှင်မလေး ပေါ်လီယာနာ (ထင်လင်း)

ဓာတ်ပုံ - padauk.shop

ဆယ်ကျော်သက် မိန်းကလေးတွေအနေနဲ့ ဘဝမှာ အောင်မြင်ချင်တယ်၊ စိတ်ချမ်းမြေ့ချင်တယ်ဆိုရင် ဒီစာအုပ်ကို ဖတ်ပါလို့ ညွှန်းပါရစေ။ ဒီစာအုပ်ထဲက မေတ္တာရှင်မလေး ပေါ်လီယာနာဟာ ဘယ်လို မိန်းကလေးမျိုးလဲ ဆိုတာကို ဖတ်ကြည့်ပြီး သူ့ဆီကနေ ကောင်းမွန်တဲ့ သင်ယူစရာတွေ အများကြီး ရရှိမှာပါ။ လူ့ဘဝကြီးကို အကောင်းမြင်စိတ်ထားပြီး ဖြတ်သန်းနေတဲ့ မေတ္တာရှင်မ‌လေး ပေါ်လီယာနာအကြောင်း စာအုပ်ကလေးဟာလည်း ဆယ်ကျော်သက် မိန်းကလေးတွေ ဖတ်သင့်တဲ့ စာအုပ်ကလေးတစ်အုပ်ဖြစ်ပါတယ်။ 

၅။ဆံရစ်ဝိုင်း ဝတ္ထုတိုများ (ခင်ခင်ထူး) 

natogyiblog.blogspot.com

စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ နာမည်ကျော်စာအုပ်တစ်အုပ်ဖြစ်တဲ့ ဆံရစ်ဝိုင်း ဝတ္ထုတိုများ စာအုပ်ဟာလည်း ဆယ်ကျော်သက်မိန်းကလေးတွေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါပဲ။  စာအုပ်ထဲမှာ ဝတ္ထုတို ၁၈ပုဒ် ပါဝင်ပါတယ်။ ဆယ်ကျော်သက်မိန်းကလေးတွေ ဖတ်သင့်တဲ့ ပညာပေးဝတ္ထုတိုကောင်းလေးတွေအပြင် ဆရာမ ရဲ့ အရေးအသားကောင်းမှု စိတ်ဝင်စားဖွယ်ဇာတ်အိမ်တွေ ကို မြင်တွေ့ရမယ့် စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ စာအုပ်လေးတွေကတော့ ဆယ်ကျော်သက်မိန်းကလေးတွေ မမှားသင့်တာတွေ မမှားရလေအောင် ၊ ဘဝမှာ ဘယ်လိုနေထိုင်ရမယ်၊ ဆယ်ကျော်သက်အရွယ်မှာ ဘာတွေ ကြုံတွေ့နိုင်တယ်ဆိုတာတွေကို ပြောပြလမ်းညွှန်ပေးသွားမယ့် စိတ်အာဟာရရှိစေနိုင်တဲ့ စာအုပ်ကောင်းလေးတွေပဲ ဖြစ်ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က