ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းက ကမ္ဘာကျော်သူဌေးကြီး ဂျက်ဖ်ဘီဇော့စ်ရဲ့ အာကာသခရီးစဉ်အပြီးမှာ Blue Origin ရဲ့ အဓိကပညာရှင်နဲ့ အင်ဂျင်နီယာတွေ အလုပ်ထွက်မှုဟာ အများဆုံး ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
Amazon သူဌေး ဂျက်ဖ်ဘီဇော့စ်ပိုင် Blue Origin အာကာသယာဉ်ကုမ္ပဏီဟာ ဒီနှစ်နွေရာသီအတွင်းမှာ ဒါဇင်မက များတဲ့ အရေးပါတဲ့ ခေါင်းဆာင်တွေနဲ့ ထိပ်တန်းအင်ဂျင်နီယာတွေ ဆုံးရှုံးခဲ့တယ်လို့ CNBC သတင်းက ဖော်ပြထားပါတယ်။ ဂျက်ဖ်ဘီဇော့စ်ဟာ ပြီးခဲ့တဲ့လထဲမှာ အာကာသထဲ ပထမဆုံးအကြိမ် လိုက်ပါသွားခဲ့တာ ဖြစ်ပြီး ကမ္ဘာဆီကို အပြန်မှာ သူ့ရဲ့ ထိပ်တန်း အာကာသယာဉ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
Photo: CNBC
CNBC ရဲ့ တွေ့ရှိမှုအရဆို ဒီနှစ်နွေရာသီ (ဇွန် ၁ ရက်မှ ဩဂုတ် ၃၁ ရက်အတွင်း) မှာကိုပဲ Blue Origin ကနေ အလုပ်ထွက်သွားတဲ့ အဓိကခေါင်းဆောင်တွေနဲ့ အကြီးတန်းအင်ဂျင်နီယာ အနည်းဆုံး ၁၇ ဦး အထိ ရှိပြီလို့ ဆိုပါတယ်။ ဂျက်ဖ်ဘီဇော့ရဲ့ အာကာသခရီးစဉ်အပြီး သီတင်းပတ်တွေမှာတော့ Blue Origin ပညာရှင်တွေ အလုပ်ထွက်မှု ပိုများခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီလို အလုပ်ထွက်သွားတဲ့ အင်ဂျင်နီယာတွေထဲက နှစ်ဦးဖြစ်တဲ့ နီတင်အာရိုရာနဲ့ လော်ရန်လိုင်ယွန်စ်တို့ဟာ တခြားအာကာသကုမ္ပဏီတွေ ဖြစ်တဲ့ အီလွန်မတ်စ်ပိုင် SpaceX နဲ့ Firefly Aerospace တို့မှာ အလုပ်ဝင်သွားတယ်လို့ ဆိုပါတယ်။
Blue Origin ကနေ အလုပ်ထွက်သွားသူတွေထဲမှာ New Shepard ဒုံးပျံအကြီးတန်းဒုဥက္ကဌ စတိဗ်ဘန်းနက် ၊ အာကာသခရီးစဉ်စီစဉ်ရေးအကြီးအကဲ ဂျက်ဖ်အက်ရှ်ဘီ ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အရောင်းညွှန်ကြားရေးမှူး စကော့တ်ဂျက်ကော့စ် ၊ New Glenn ယာဉ် အကြီးတန်း ဒါရိုက်တာ ဘော့ပ်အက်စ် ၊ New Glenn ပထမအဆင့်အကြီးတန်းဒါရိုက်တာ တော့ဒ်ဘိုင်ကွိုင့်စ် ၊ New Glenn အကြီးတန်း ဘဏ္ဍာရေးမန်နေဂျာ ဘီလ်စကမ်မဲလ် ၊ ထုတ်လုပ်ရေးစမ်းသပ်မှုဆိုင်ရာ အကြီးတန်းမန်နေဂျာ ခရစ္စတိုဖာ ပိန်း ၊ New Shepard နည်းပညာပိုင်းပရောဂျက်မန်နေဂျာ နိတ်သ်ကမ့်ပ်မန်း ၊ အကြီးတန်း တွန်းပျံမှုဒီဇိုင်းအင်ဂျင်နီယာ ဒေ့ဗ် ဆန်ဒါဆန် ၊ အကြီးတန်း HLS လူအချက်အလက်လက်ဆိုင်ရာ အင်ဂျင်နီယာ ရေချယ် ဖိုးမန်း ၊ BE-4 အထိန်းစနစ် ဦးဆောင်ပေါင်းစည်းစမ်းသပ်အင်ဂျင်နီယာ ဂျက်ခ်နယ်လ်ဆန် ၊ New Shepard ဦးဆောင် လေကြောင်းဆော့ဖ်ဝဲလ်အင်ဂျင်နီယာ ဟောင်ဗို ၊ BE-7 လေကြောင်း hardware အင်ဂျင်နီယာ အေရွန်ဝမ် ၊ အတွန်းစနစ်အင်ဂျင်နီယာ ရက်ချ်ဂု နဲ့ ဒုံးပျံအင်ဂျင်ဖွံ့ဖြိုးရေးအင်ဂျင်နီယာ ဂယ်ရီဟူးဒက်ခ်တို့လည်း ပါပါတယ်။
ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရ Blue Origin ဟာ ဆက်လက်ကြီးထွားနေတယ်လို့ ဆိုပါတယ်။ ထုတ်လုပ်ရေး ၊ အရည်အသွေးပိုင်း ၊ အင်ဂျင်ဒီဇိုင်း နဲ့ ယာဉ်ဒီဇိုင်းပိုင်းအတွက် အဓိကကျတဲ့ ဦးဆောင်မှုကဏ္ဍတွေလည်း ဖြည့်တင်းထားတယ်လို့လည်း ပြောပါတယ်။ အလုပ်ထွက်သွားတဲ့ အင်ဂျင်နီယာထဲက တချို့ဟာ Blue Origin ရဲ့ အာကာသယာယ်မှူးပါမယ့် လပေါ်ဆင်းသက်ရေးအစီအစဉ် ပျက်ပြီးနောက် ထွက်သွားကြတယ်လို့ ဆိုပါတယ်။
Photo: Engadget
NASA ရဲ့ လပတ်လမ်းကနေ လမျက်နှာမြင်ဆီ အာကာသယာဉ်မှူးတွေလိုက်ပါမယ့် Human Landing System ကန်ထရိုက်ကို Blue Origin နဲ့အပြိုင် SpaceX က ရသွားတာ ဖြစ်ပါတယ်။ ဒေါ်လာ ၂.၉ ဘီလျံကန်ထရိုက် လက်လွှတ်လိုက်ရပြီးနောက် NASA ရဲ့ ဆုံးဖြတ်ချက်ကို Blue Origin က ကန့်ကွက်တိုင်ကြားထားတာကြောင့် အမှုဖြစ်နေစဉ်မှာ NASA ဟာ လပေါ်လူလိုက်ပါမယ့်အစီအစဉ်ကို ရပ်ဆိုင်းထားတယ်လို့လည်း ဆိုပါတယ်။
Blue Origin ဟာ အမေရိကန်တလွှားမှာ ဝန်ထမ်း ၄၀၀၀ နီးပါး ခန့်အပ်ထားပြီး ဆီယက်တဲလ်နားက ဝါရှင်တန်ပြည်နယ် ကန့်မှာ ရုံးချုပ်စိုက်သလို ဖလော်ရီဒါ ၊ တက္ကဆက် နဲ့ အလာဘားမားမှာလည်း ရုံးတွေ ဖွင့်ထားပါတယ်။ ဇူလိုင် ၂၀ ရက် ဂျက်ဖ်ဘီဇော့စ်ရဲ့ အာကာသခရီးက အပြန် ၁၀ ရက်အကြာမှာ Blue Origin ဟာ ကုမ္ပဏီရဲ့ အချိန်ပြည့်ဝန်ထမ်းတွေကို ဆုကြေးအဖြစ် ဒေါ်လာ ၁၀၀၀၀ (မြန်မာငွေ သိန်း ၁၇၀ ကျော်) ချီးမြှင့်ခဲ့တယ်လို့လည်း ဆိုပါတယ်။