အာဖဂန်အမျိုးသမီးနဲ့ သူမရဲ့သမီးလေးတို့ နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်

တာလီဘန်အုပ်စု ထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံကနေ ထွက်ခွာလိုသူတွေကို ရွှေပြောင်းပေးနေတဲ့ အမေရိကန်စစ်ဘက်လေယာဥ်ပေါ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အောင်မြင်စွာ ကလေးမွေးဖွားနိုင်ခဲ့ပါတယ်။

ဩဂုတ် ၂၁ ရက်နေ့က စစ်ဘက်လေယာဥ်ဟာ ဂျာမနီနိုင်ငံ Ramstein လေတပ်အခြေစိုက်စခန်းကို ဦးတည်ပျံသန်းသွားနေစဥ် အဆိုပါ အာဖဂန်အမျိုးသမီးက ကလေးမွေးဖွားမယ့် အခြေအနေဖြစ်လာခဲ့တယ်လို့ အမေရိကန်လေတပ်က ပြောပါတယ်။ ထို့နောက် ဂျာမန်လေတပ်အခြေစိုက်စခန်းသို့ ဆင်းသက်ရောက်ရှိချိန်မှာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက လေယာဥ်ပေါ်တက်လာပြီး လေယာဥ်ရဲ့ ကုန်ပစ္စည်းထားရှိရာ အခန်းထဲမှာ ကလေးမွေးပေးခဲ့ပါတယ်။



အာဖဂန်အမျိုးသမီးနဲ့ သူမရဲ့သမီးလေးတို့ နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်ပြီး အနီးအနားရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ လေယာဥ်ပျံသန်းနေစဥ် ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ နေထိုင်ရခက်ခဲလာခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် လေယာဥ်မှူးက လေဖိအားတက်လာစေရန် လေယာဥ်ကို နိမ့်ဆင်းပျံသန်းခဲ့ရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အခြေအနေ တည်ငြိမ်စေရန်နဲ့ အသက်ကယ်ရန် လုပ်ဆောင်ခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။

အာဖဂန်မှာ တာလီဘန်စစ်သွေးကြွအုပ်စုက အာဏာထိန်းချုပ်လိုက်ပြီးနောက် ထောင်ပေါင်းများစွာသော အာဖဂန်ပြည်သူတွေက နိုင်ငံမှထွက်ခွာနိုင်ရန် ကဘူးလ်မြို့တော်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်အပြင်ဘက်မှာ စုရုံးရောက်ရှိနေခဲ့ကြပြီး ကသောင်းကနင်း အခြေအနေတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။

လက်ရှိအချိန်အထိ ကဘူးလ်လေဆိပ်ကို အမေရိကန်တပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး အမေရိကန်စစ်တပ်က လေကြောင်းကနေ လူဦးရေ ၁၇,၀၀၀ ကို အာဖဂန်ကနေ ရွှေ့ပြောင်းပေးခဲ့ကြောင်း အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအဖွဲ့က စနေနေ့ (ဩဂုတ် ၂၁ ရက်) မှာ ပြောခဲ့ပါတယ်။

ကဘူးလ်လေဆိပ်မှာ ကသောင်းကနင်းဖြစ်ခြင်းဟာ အမေရိကန်ကြောင့်လို့ တာလီဘန်အုပ်စုက အပြစ်တင်ခဲ့ပါတယ်။ အာဖဂန်ကနေ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့များ ရုပ်သိမ်းနေခဲ့ပြီးနောက် တာလီဘန်တို့က ကဘူးလ်မြို့တော် အပါအဝင် တစ်နိုင်ငံလုံးကို ရက်ပိုင်းအတွင်း ထိန်းချုပ်လာခဲ့ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်တပ်ဖွဲ့တွေကို အာဖဂန်ကနေ ဩဂုတ် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အပြီးရုပ်သိမ်းရန် သတ်မှတ်ထားပါတယ်။ သို့သော် နိုင်ငံအတော်များများကတော့ အာဖဂန်ကနေ အမေရိကန်တပ်ဖွဲ့တွေ အပြီးရုပ်သိမ်းမယ့်ရက်ကို နောက်ဆုတ်ထားပြီး ၎င်းတို့နိုင်ငံသားတွေနဲ့ အာဖဂန်ပြည်သူတွေ ဘေးအန္တရာယ်ကင်းစွာဖြင့် ရွှေ့ပြောင်းထွက်ခွာနိုင်ရေး ကူညီပေးစေလိုကြကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က