အရေပြားဟာ ခန္ဓာကိုယ်မှာ အကြီးမားဆုံးနေရာယူထားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရောဂါဖြစ်ပွါးမှု အများဆုံးနေရာလည်းဖြစ်ပါတယ်။
Photo: Wounderslist
ညှင်း ၊ ဝဲ ၊ ပွေးစတဲ့ အနာတွေပေါက်ခြင်းကလည်း အရေပြားရောဂါတွေဖြစ်ပြီး လိမ်းဆေး ၊သောက်ဆေးတွေရှိပေမယ့် အချိန်ကြာကုသမှပျောက်ကင်းတဲ့အတွက် စိတ်ရှည်ရှည် ကုသဖို့တော့လိုအပ်ပါတယ်။ အဓိက အရေပြားရောဂါဖြစ်ပွါးရခြင်းမှာ ဗိုင်းရပ်စ်ပိုးတွေ၊ ဘက်တီးရီးယားပိုးတွေနဲ့ ကပ်ပါးကောင်တွေကြောင့်ဖြစ်ပွါးရတာပါ။ အများဆုံးအားဖြင့် အရေပြားရောဂါတွေက ကူးစက်တတ်ပါတယ်။ အရေပြားမှာ ဖြစ်တဲ့ကူးစက်ရောဂါတွေဟာ သိပ်မပြင်းထန်ရင် အလွယ်တကူဝယ်ယူလို့ရတဲ့ ဆေးတွေ သောက်သုံးပြီး ကုသလို့ရသလို အိမ်တွင်းကုထုံးတွေနဲ့လည်း ကုသလို့ရပါတယ်။ တကယ်လို့ ပြင်းထန်မယ်ဆိုရင်တော့စနစ်တကျကုသမှု ခံယူဖို့ လိုအပ်ပါလိမ့်မယ်။
Photo: News Medical
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွါးသော အရေပြားရောဂါ
ရေယုန်၊ ရေကျောက်၊ကြွက်နို့နဲ့ ကလေးငယ်တွေမှာအဖြစ်များလေ့ရှိတဲ့ အရေပြားရောဂါတွေဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွါးတာပါ။ ဗိုင်းရပ်စ်ပိုးကို နှိမ်နင်းနိုင်မှသာ ပျောက်ကင်းနိုင်တဲ့ အရေပြားရောဂါတွေလည်းဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုး နှိမ်နင်းနိုင်ဖို့အတွက်က အဓိကကိုယ်ခံအား စနစ်ကို မြှင့်တင်ပေးဖို့လိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းပြီး လိုအပ်တဲ့ဆေးဝါးတွေသောက်သုံးပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်မှာပါ။
Photo: Heine
ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွါးသောအရေပြားရောဂါ
မျက်နှာမှာ သာမန်ထက်လွန်ကဲပြီး ဝက်ခြံပေါက်တာ၊ ခန္ဓာကိုယ်ပေါ်မှာ အနာစိမ်းပြည်တည်နာတွေပေါက်တာက ဘက်တီးရီးယာပိုးကြောင့်ဖြစ်ပွါးတာပါ။ လိမ်းဆေးလိမ်းပေးရုံနဲ့ ပျောက်ကင်းနိုင်ပြီး သေချာကုသမှုခံယူဖို့တော့ အရေးကြီးပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်ပွါးတဲ့ အရေပြားရေဂါတွေဟာ သေချာကုသမှုမခံယူရင်တော့ ဆေးယဉ်ပါးပြီး ဆေးမတိုးတဲ့ ပြဿနာတွေကနေ လိုအပ်ထက်အချိန်ထက်ပိုပြီး ကုသမှုခံယူရနိုင်ပါတယ်။
Photo: Fitness
ကပ်ပါးကောင်တွေကြောင့် ဖြစ်ပွါးသော အရေပြားရောဂါ
ဦးခေါင်းမှာ သန်းတွေရှိတာ ၊ ခန္ဓာကိုယ်မှာ ဝဲဆွဲတာအပြင် အကောင်တွေတွယ်ကပ်ပေါက်ပွါးနေတာက ကပ်ပါးကောင်တွေကြောင့်ဖြစါပွါးတဲ့ အရေပြားရောဂါပါ။ အဓိက တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့သူတွေမှာ အဖြစ်များပါတယ်။ကပ်ပါးကောင်ကြောင့် ဖြစ်ပွါးတဲ့ အရေပြားရောဂါတွေဟာ တခြားအရေပြားရောဂါတွေနဲ့မတူ ကူးစက်မှု လွယ်ကူတဲ့ ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။
အရေပြားရောဂါဖြစ်ပွါးရခြင်းမှာ ဗိုင်းရပ်စ်ပိုးတွေ၊ ဘက်တီးရီးယားပိုးတွေနဲ့ ကပ်ပါးကောင်တွေကြောင့်အဓိကဖြစ်ပြီး အခြားသော အရေပြားရောဂါများလည်းရှိပါသေးတယ်။ အရေပြားရောဂါဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပွါးလေ့ရှိပြီး ဘယ်အရေပြားရောဂါပဲဖြစ်ဖြစ် အရေးအကြီးဆုံးက တစ်ကိုယ်ရည် သန့်ရှင်းအောင်နေဖို့နဲ့ အနာတွေကို မခြစ်မကုတ်မိအောင် နေဖို့ပါ။ ကုတ်ရာကနေတစ်ဆင့် လက်မှာကပ်ရှိနေတဲ့ပိုးတွေ အနာထဲဝင်တဲ့အခါ လိုအပ်တဲ့ အချိန်ထက်ပိုပြီး ကုသမှုခံယူရနိုင်ပါတယ်။ တချို့အရေပြားရောဂါတွေဟာ အိမ်တွင်းကုထုံးနည်းတွေနဲ့ ကုသနိုင်ပေမယ့်လည်း ဓာတ်မတည့်တဲ့အခါ ရောဂါကိုပိုပြီးဆိုးရွားစေပါတယ်။ အရေပြားဟာ လူ့ခန္ဓာကိုယ်ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်လို့ အရေပြားရောဂါတွေနဲ့ ပတ်သက်လို့ တစ်ပတ်ကျော်အထိ မပျောက်ခဲ့ရင်တော့ ဆရာဝန်နဲ့ပြဖို့လိုပါတယ်။ အရေးပြားကုသရေးဆရာဝန်နဲ့ ပြသပြီး စနစ်တကျကုသမှုခံယူသင့်တယ်လို့ ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုပြောကြားထားပါတယ်။
သတင်းဆောင်းပါးပါအချက်အလက်များကို ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။