ကျောက်ကပ်ပျက်ဆီးစေနိုင်တဲ့ အဓိကရောဂါတွေက ဆီးချို၊သေးတိုးရောဂါနဲ့ အခြားသောနာတာရှည်ရောဂါတို့ကြောင့်ဖြစ်ပွါးရတာပါ။
Photo:Aidsamp
ကျောက်ကပ်ရောဂါဟာ နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး ပျောက်ကင်းအောင်ကုသလို့ မရနိုင်တဲ့ ရောဂါတစ်ခုပါ။ ကျောက်ကပ်ရောဂါဖြစ်ပွါးတဲ့အခါ ကျောက်ကပ်ဆေးခြင်းဖြင့် ရောဂါကိုကုသနိုင်ပေမယ့် အရှင်းပျောက်ကင်းအောင်မဟုတ်ဘဲ လူ့အသက်ရှည်အောင်သာ ကုသခြင်းနည်းလမ်းပဲဖြစ်ပါတယ်။ အဖြစ်အများဆုံးကျောက်ကပ်ရောဂါတွေထဲမှာလည်း အခုလိုကျောက်ကပ်ဆေးပြီးကုသရတဲ့ နာတာရှည်ကျောက်ကပ်ရောဂါပဲဖြစ်ပါတယ်။
Photo: Healthline
ဖြစ်ပွါးလေ့ရှိသော ကျောက်ကပ်ရောဂါများ
ကျောက်ကပ် ကျောက်တည်ခြင်း၊ ကျောက်ကပ်ရောင်ခြင်း၊ ရေအိတ်တည်ခြင်းနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကလည်း ကျောက်ကပ်ရောဂါတွေပဲဖြစ်ပါတယ်။ ဒီရောဂါတွေက ပျောက်ကင်းအောင်ကုသနိုင်ပေမယ့် အဖြစ်များတဲ့နာတာရှည်ကျောက်ကပ်ရောဂါကတော့ အသက်ရှည်စေနိုင်မယ့်နည်းလမ်းတစ်ခုနဲ့သာကုသနိုင်တာပါ။ ရောဂါကိုတော့အရှင်းမပျောက်ကင်းနိုင်ပါဘူး။ အဓိက ကုသနိုင်တဲ့နည်းလမ်းကတော့ ကျောက်ကပ်ဆေးခြင်းနည်းလမ်းဖြစ်ပြီး နောက်တစ်နည်းကတော့ လူနာရဲ့အခြေအနေပေါ်မူတည်ကာ ကျောက်ကပ်အစားထိုးကုသနိုင်ပါတယ်။
Photo: Sydney
ခံစားရတဲ့ ရောဂါလက္ခဏာများ
ကျောက်ကပ်ရောဂါလက္ခဏာတွေဟာ ရောဂါအခြေအနေမဆိုးခင်အထိ မပေါ်လာတတ်ဘဲ ရောဂါအခြေအနေဆိုးရွားလာမှသာ လက္ခဏာတွေပေါ်လာတတ်တာပါ။ အများဆုံးတွေ့ရတဲ့ ယေဘုယျလက္ခဏာတွေကတော့ မောပန်းလွယ်တာ၊ ဆီးသွားနည်းပြီး ဆီးခဏခဏသွားတာ၊ ခြေထောက်တွေ ဖောရောင်လာခြင်း၊ အိပ်မပျော်ခြင်းနဲ့ ပုံမှန်ထက်အာရုံစူးစိုက်မှုအားနည်းလာခြင်း စတဲ့လက္ခဏာတွေကို ခံစားရပါတယ်။
Photo: Healthline
ဘယ်လိုလူတွေမှာ အဖြစ်များလဲ
ကျောက်ကပ်ရောဂါဟာ မျိုးရိုးလိုက်တဲ့ ရောဂါဖြစ်ပြီး မျိုးရိုးထဲမှာ ရောဂါဖြစ်တဲ့သူတစ်ဦးရှိတာနဲ့ မိသားစုဝင်တွေဆီမှာအဖြစ်များတတ်ပါတယ်။ သွေးတိုး ၊ဆီးချိုရောဂါရှိတဲ့သူတွေအဖြစ်များလေ့ရှိပြီး အသက်အရွယ်ကြီးတဲ့သူတွေမှာ အဖြစ်များပါတယ်။
Photo: Healthline
ကျောက်ကပ်ရောဂါမဖြစ်အောင် ကာကွယ်နည်း
ကျောက်ကပ်ရောဂါမဖြစ်ဖို့အတွက် အဓိက,က ဆီးချို၊သွေးတိုးရောဂါမဖြစ်အောင် အရင်ကာကွယ်ရမှာပါ။ နေ့စဉ် ကိုယ်လက်လှုပ်ရှားအားကစားပုံမှန်လုပ်ပေးခြင်း၊ အငန်၊အချို ၊အဆီဓာတ်ပါတာတွေစားသုံးခြင်းကိုရှောင်ကျင်သင့်ပါတယ်။ ဆီးချိုသွေးတိုးရောဂါရှိသူတွေအနေနဲ့ ကျောက်ကပ်မထိခိုက်သေးဘူးဆိုရင်တော့ ရေများများသောက်ပေးသင့်ပါတယ်။
ကျောက်ကပ်ရောဂါဖြစ်ပွါးနေတဲ့သူတွေဟာ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီး နေထိုင်စားသောက်မှုပုံစံကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဆောင်ရွက်ဖို့လိုပါတယ်။ ကျောက်ကပ်ရောဂါဟာ စောစောစီးစီးသိပြီး ကုသနိုင်ရင်အကောင်းဆုံးပါ။ ဆီးချိုသွေးတိုးရောဂါကနေ အစပြုတဲ့ ရောဂါဖြစ်လို့ ဆီးချိုသွေးတိုးရောဂါ ရှိ၊ မရှိကိုလည်း ပုံမှန်စစ်ဆေးဖို့လိုပါတယ်။ သွေးတိုး၊ဆီးချိုရောဂါရှိတဲ့သူတွေအနေရော၊ အသက်ကြီးတဲ့သူတွေအနေနဲ့ကလည်း တစ်နှစ် တစ်ကြိမ်ခန့် ကျောက်ကပ်ရောဂါ ရှိ၊မရှိ စစ်ဆေးပေးပါ။ ရောဂါလက္ခဏာတွေ ခံစားရပြီဆိုတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုစတင်ခံယူပါလို့ ဒေါက်တာ စိမ့်စမ်းဖြူက အကြံပြုပြောကြားထားပါတယ်။
သတင်းဆောင်းပါးပါအကြောင်းအရာများကို ဒေါက်တာစိမ့်စမ်းဖြူက အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။