ဒိုရီယန်ဟာ အတ္တလန်တစ်သမုဒ္ဒရာ ဟာရီကိန်းမှတ်တမ်းတစ်လျှောက် ဒုတိယ အားအကောင်းဆုံး ဖြစ်ပါတယ်။

အဖျက်စွမ်းအားကြီးမားပြီး အလွန်အန္တရာယ်ရှိတဲ့ ဟာရီကိန်းမုန်တိုင်း ဒိုရီယန်ဟာ ဘဟားမားစ်နိုင်ငံမှာ ယမန်နေ့ (စက်တင်ဘာ ၂ ရက်) က ဆက်လက် တိုက်ခတ်နေခဲ့ပြီး ပင်လယ်ရေများမြင့်တက်မှုနဲ့ ပြင်းထန်တဲ့ လေပြင်းတိုက်မှုတွေ ဖြစ်ပေါ်ခဲ့ကာ လူ ၂၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

(Photo: Tim Aylen/AP)

ဟာရီကိန်းဒိုရီယန် (Hurricane Dorian) ဟာ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းကို ဆက်လက် ရွေ့လျားနေပြီး အကြီးအကျယ် ရွေ့ပြောင်းမှုတွေ လုပ်ဆောင်ထားကြောင်း သိရပါတယ်။ ဘဟားမားစ်ဝန်ကြီးချုပ် ဟူဘတ်မင်နစ်က အဘာကိုကျွန်းစု အရှေ့မြောက်ပိုင်းမှာ လူသေဆုံးမှုတွေရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး ဟာရီကိန်းမုန်တိုင်းဟာ နိုင်ငံအတွက် သမိုင်းတွင်ဖြစ်ရပ်ဆိုးတစ်ခုလို့ ပြောခဲ့ပါတယ်။ ဘဟားမားစ်မှာ မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်ကြောင်း တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။



ဟာရီကိန်းဒိုရီယန်ဟာ တနင်္ဂနွေနေ့ (စက်တင်ဘာ ၁ ရက်) က ဘဟားမားစ်နိုင်ငံ ကုန်းတွင်းပိုင်းကို အဘာကိုကျွန်းစုမှ စတင်ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ ဘဟားမားစ် ကုန်းတွင်းပိုင်း ဝင်ရောက်တိုက်ခတ်စဉ် ဟာရီကိန်းဒိုရီယန်ဟာ ပြင်းအားအဆင့်အမြင့်ဆုံး Category 5 အဆင့်ဖြစ်ပြီး လေတိုက်နှုန်းဟာ တစ်နာရီလျှင် မိုင် ၁၈၀ ကျော်အထိ ပြင်းထန်အားကောင်းခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

(Photo: NOAA)

ဟာရီကိန်းဒိုရီယန်ဟာ အတ္တလန်တစ်သမုဒ္ဒရာ ဟာရီကိန်းမုန်တိုင်း မှတ်တမ်းတစ်လျှောက် ဒုတိယ အားအကောင်းဆုံး မုန်တိုင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ဟူဘတ်မင်နစ်က ပြောပါတယ်။ အဆိုပါ မုန်တိုင်းဟာ အလွန်အန္တရာယ်ရှိနေဆဲ ဖြစ်တယ်လို့လည်း ၎င်းကဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ရဲ့ အဆိုအရ ဟာရီကိန်းဒိုရီယန် တိုက်ခတ်မှုကြောင့် ဘဟားမားစ်မှာ နေအိမ် ၁၃,၀၀၀ ခန့် ထိခိုက်ပျက်စီးနိုင်ကြောင်း သိရပါတယ်။

လက်ရှိမှာ ဟာရီကိန်ဒိုရီယန်ဟာ ဂရင်းဘဟားမားကျွန်းပေါ်ကနေ ဖြေညှင်းစွာ ရွေ့လျားနေပါတယ်။ မုန်တိုင်းကြောင့် ဘဟားမားစ်မြောက်ပိုင်းရှိ အဘာကိုကျွန်းစုနဲ့ ဂရင်းဘဟားမားကျွန်းတို့မှ လေပြင်းတိုက်မှုတွေနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ လူဦးရေ ၅၀,၀၀၀ ခန့်နေထိုင်ကြတဲ့ ဂရင်းဘဟားမားကျွန်းဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ West Palm ကမ်းခြေရဲ့ အရှေ့ဘက် မိုင် ၆၀ မျှအကွာမှာ တည်ရှိပါတယ်။

(Photo: Josh Terrells)

ဟာရီကိန်းဒိုရီယန်ကြောင့် ၂၃ ပေအထိ မြင့်မားတဲ့ မုန်တိုင်းဒီရေ တက်ရောက်နိုင်ကြောင်းလည်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ဘဟားမားစ်ကို ဝင်ရောက်တိုက်ခတ်ပြီးနောက် ဟာရီကိန်းဒိုရီယန်ဟာ အမေရိကန်ကမ်းရိုးတန်းသို့ ဆက်လက် ဦးတည်ရွေ့လျားပြီး ဖလော်ရီဒါပြည်နယ်ကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီစန်တစ်က မုန်တိုင်းအန္တရာယ်ရှိမှုကြောင့် ပြည်နယ်တစ်ခုလုံးကို အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပြီး အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၅၀၀ ကို မုန်တိုင်းဖြတ်သန်းမယ့် နေရာများသို့ စေလွှတ်ထားပြီး နောက်ထပ် တပ်ဖွဲ့ဝင် ၁,၅၀၀ ကို အသင့်အနေအထားရှိနေရန် တပ်လှန့်ထားပါတယ်။

(Photo: Lou Carroll)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ဟာရီကန်းဒိုရီယန်ကို ဟာရီကိန်းအန်ဒရူးနဲ့ နှိုင်းယှဉ်ခဲ့ပြီး အဖျက်စွမ်းအားကြီးနိုင်ကြောင်း သတိပေး ပြောကြားခဲ့ပါတယ်။ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မယ့် အခြေအနေကြောင့် သမ္မတထရန့်က ပိုလန်နိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ၎င်းအစား ဒုတိယသမ္မတ မိုက်ပင့်စ်ကို စေလွှတ်လိုက်ကြောင်းလည်း သိရပါတယ်။


Share

Loading Next Article...
က္က