မနေ့က ဖာဂူဆန်ရဲ့ ချစ်ရတဲ့ ဇနီးကေသီဖာဂူဆန်တစ်ယောက် ကွယ်လွန်သွားခဲ့ပါတယ်။ ဒီအမျိုးသမီးကြီး ကွယ်လွန်ချိန်မှာ သူ့အသက်က (၈၄) နှစ်ဖြစ်နေပါပြီ။ ဖာဂူဆန် ယူနိုက်တက်ကို တာဝန်ယူချိန်တစ်လျှောက်လုံး လိုအပ်တဲ့ အားပေးပံ့ပိုးမှုတွေ ပြုလုပ်ပေးခဲ့တဲ့ သူတစ်ယောက်ပါ။
ဖာဂူဆန်က သူ့ထက် အသင်းကို ပိုချစ်ရလောက်အောင်ကို ထင်ရပြီး အိမ်မှာထက် ကာရင်တန်လေ့ကျင့်ရေးကွင်းက ရုံးခန်းမှာသာ ပိုမိုအချိန်ဖြုန်းခဲ့ပါတယ်။ ဒါ့အပြင် ဖာဂူဆန် ပထမအကြိမ် အနားယူဖို့ ကြိုးစားချိန်မှာလည်း ကေသီက တားမြစ်ခဲ့ပြီး ဖာဂူဆန်ကို ယူနိုက်တက်မှာ ဆက်ရှိစေခဲ့ပါတယ်။
ပြီးခဲ့တဲ့ (၂၀၁၃) ခုနှစ်မှာတော့ ဖာဂူဆန်က အထီးကျန်တေဲ့ သူ့ဇနီးကို အဖော်ပြုပေးဖို့အတွက် နည်းပြဘဝကနေ အပြီးတိုင် အနားယူသွားခဲ့ပါတယ်။ ဖာဂူဆန်နဲ့ ကေသီတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တဲ့ အမှတ်တရကလည်း ထူးထူးခြားခြားရှိခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ဖာဂူဆန်ဟာ အသက် (၂၂) နှစ်အရွယ်သာ ရှိပါသေးတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ဖာဂူဆန်က “ကျွန်တော့်အသက် (၂၂) နှစ်တုန်းကပေါ့။ ကျွန်တော့်သူငယ်ချင်းက ကေသီအကြောင်း ပြောပြခဲ့ပြီး သူက လူကောင်းတစ်ယောက်ဆိုတာကို သိခွင့်ရခဲ့ပါတယ်။ အဲ့ဒီတုန်းက ကျွန်တော် ဘောလုံးကန်ရင်း မျက်နှာမှာ ဒဏ်ရာရခဲ့ပြီး ပလာစတာကပ်ထားခဲ့ရတာပါ”
“ကေသီက ဒါကို ကြည့်ပြီး ကျွန်တော့်ကို လူမိုက် ဒါမှမဟုတ် လက်ဝှေ့သမားလို့ ထင်ခဲ့ဖူးပါတယ်” လို့ ဖာဂူဆန်က သူ့ရဲ့မှတ်တမ်းရုပ်ရှင်မှာ ပြန်လည်ပြောပြခဲ့ဖူးပါတယ်။ အခုချိန်ကတော့ ဖာဂူဆန်အတွက် ဝမ်းနည်းစရာအချိန်ဖြစ်ခဲ့ပြီး ယူနိုက်တက်ဘက်ကလည်း ကေသီရဲ့ ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။