ယူနိုက်တက်ရဲ့ ဝါရင့်ဂိုးသမားဟောင်းကြီး ဘင်ဖော်စတာက ဖာဂူဆန်သာ ယူနိုက်တက်နည်းပြအဖြစ် ရှိနေချိန် ဆန်ချိုရဲ့ လက်ရှိအပြုအမူနဲ့ဆိုရင် ဒုက္ခရောက်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆန်ချိုက လက်ရှိအချိန်မှာ ယူနိုက်တက်နည်းပြ တန်ဟက်ခ်နဲ့ အဆင်မပြေဖြစ်နေတာပါ။
အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲအပြီးမှာ တန်ဟက်ခ်က ဆန်ချိုကို အဆိုပါပွဲမှာ အသုံးမပြုခဲ့တာက ကစားသမားရဲ့ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်ကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဆန်ချိုကတော့ တန်ဟက်ခ်ရဲ့ ပြောစကားတွေကို အလိမ်အညာတွေလို့ ရည်ညွှန်းတုံ့ပြန်ခဲ့ပါတယ်။
ပရိသတ်တွေအနေနဲ့ အလိမ်အညာတွေကို မယုံကြည်သင့်ကြောင်း၊ သူ့အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ကြိုးစားနေကြောင်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ပြီး တန်ဟက်ခ်နဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ။ ပရိသတ်တွေကတော့ ဆန်ချိုရဲ့ လုပ်ရပ်အပေါ် ဝေဖန်ပြစ်တင်နေကြပါတယ်။
ဒါ့အပြင် ဘင်ဖော်စတာကလည်း “ဆန်ချိုရဲ့ လုပ်ရပ်က တကယ်ကို ရူးနှမ်းတဲ့လုပ်ရပ်ပဲဗျ။ တကယ်လို့ ဖာဂူဆန် ယူနိုက်တက်နည်းပြအဖြစ် ရှိနေချိန်မှာသာ သူ ဒါမျိုး လုပ်ခဲ့ရင် ယူနိုက်တက်မှာ သူ တစ်သက်လုံး ကစားခွင့်ရတော့မှာ မဟုတ်ပါဘူး။ လေ့ကျင့်ရေးကွင်းကိုတောင် ဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ မင်းဒီမှာ ပြီးပြီ။ နောက်မှ တွေ့မယ်ဆိုပြီး ဖြစ်သွားမှာပါ”
“မင်းဆီမှာ ဒါမျိုးလုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဒါက မင်းကို အကူအညီမဖြစ်စေပါဘူး။ ဒါက တကယ်ကို လေးစားမှုမရှိတဲ့ လုပ်ရပ်မျိုးပါပဲ။ ဒါက ကြီးမားတဲ့ မုန်တိုင်းတစ်ခုကို ဖြစ်စေခဲ့ပြီး လူတွေက တန်ဟက်ခ်နဲ့ ဆန်ချိုအကြောင်း၊ ဆန်ချိုရဲ့ လေ့ကျင့်ရေးကွင်းက အကြောင်းတွေကိုပဲ စိတ်ဝင်စားနေတော့မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။