FA ဖလား ဆီမီးဖိုင်နယ်မှာတော့ မန်စီးတီးက မာရက်ဇ်ရဲ့ ဟက်ထရစ်နဲ့အတူ ရှက်ဖီးယူနိုက်တက်ကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်သွားခဲ့ပါပြီ။ ဒီနေ့ကစားမယ့် ဘရိုက်တန်-ယူနိုက်တက်ပွဲစဉ်က အနိုင်ရတဲအသင်းနဲ့ ဗိုလ်လုပွဲကစားရမှာဖြစ်ပြီး ဂွာဒီယိုလာရဲ့ အသင်းက ဆုဖလား ၃ လုံးမျှော်လင့်ချက် အပြည့်အ၀ရှိနေပြီဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီး ပရီးမီးယားလိဂ်မှာလည်း ဆုဖလားရယူနိုင်ဖို့ မျှော်လင့်ချက်အားကောင်းနေတဲ့ မန်စီးတီးဟာ တရာသီအတွင်း အဓိကဆုဖလား ၃ လုံးကို ဆွတ်ခူးနိုင်ဖို့ရာ နီးစပ်နေပြိဖြစ်ပါတယ်။ အင်္ဂလန်မှာ ဒီလိုမှတ်တမ်းမျိုးကို မန်ချက်စတာယူနိုက်တက်တသင်းတည်းသာ လုပ်ပြထားနိုင်တာဖြစ်ပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မှာ ယူနိုက်တက်က ၁၉၉၉ မှာ ဆုဖလားသုံးလုံး တပြိုင်တည်းဆွတ်ခူးခဲ့တာပါ။ အခုအခါမှာ ဒီလိုမျိုးထပ်လုပ်ပြနိုင်ဖို့ ဂွာဒီယိုလာမှာ အခွင့်အရေးရော၊ မျှော်လင့်ချက်ပါ ရှိနေပြီး လုပ်ပြနိုင်မှာလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ လက်ရှိခြေစွမ်းအရလည်း မန်စီးတီးက ဒီလိုလုပ်နိုင်မယ်လို့ ပရိသတ်တော်တော်များများက ယုံကြည်နေကြပါတယ်။
ရှက်ဖီးယူနိုက်တက်နဲ့ပွဲကို မန်စီးတီးတို့ သက်တောင့်သက်သာပဲ ကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာ ပင်နယ်တီကတဆင့် မာရက်ဇ်က ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းမှာ သူက ၂ ဂိုးထပ်သွင်းခဲ့တာပါ။ ဂွာဒီယိုလာရဲ့ အသင်းက ရပ်တန့်လို့မရအောင်ဖြစ်နေပြီး ပြိုင်ဘက်တိုင်းကို ဂိုးပြတ်တွေချည်းပဲ အနိုင်ယူနေတာဖြစ်ပါတယ်။