မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားမယ့် မနက်မှာပဲ ယူနိုက်တက်ဂန္တဝင်နည်းပြဟောင်းကြီး ဖာဂူဆန်ဆီက မက်ဆေ့ချ် လက်ခံရရှိခဲ့တဲ့အကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာဟာ မန်စီးတီးနဲ့အတူ ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တဲ့နောက် ဒီအကြောင်းကို ဖွင့်ဟခဲ့တာပါ။
အင်တာမီလန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးတို့ ရိုဒရီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါဟာ မန်စီးတီးနည်းပြဘဝမှာ ဂွါဒီယိုလာအတွက် ပထမဆုံးသော ချန်ပီယံလိဂ်ဖလားဖြစ်ခဲ့ပြီး မန်စီးတီးအတွက်လည်း အသင်းသမိုင်းတစ်လျှောက် ပထမဆုံးသော ချန်ပီယံလိဂ်ဖလား ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဒီရာသီမှာ မန်စီးတီးက တစ်ရာသီအတွင်း ဆုဖလား (၃) လုံး ဆွတ်ခူးနိုင်တဲ့ ယူနိုက်တက်ရဲ့ စံချိန်ကို လိုက်မီခဲ့ပြီး ပွဲအပြီး အင်တာဗျူးမှာတော့ ဂွါဒီယိုလာက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာက “ဖာဂူဆန်နဲ့အတူ ဒီလိုမျိုး စံချိန်တစ်ခုရရှိခဲ့တာက ကျွန်တော့်အတွက် တကယ်ကို ဂုဏ်ယူစရာပါပဲ။ ပြီးတော့ ဒီမနက်ကတင်ပဲ ကျွန်တော် သူ့ဆီကနေ မက်ဆေ့ချ်ရခဲ့ပါသေးတယ်”
“ဒါက ကျွန်တော့်ကို စိတ်လှုပ်ရှားစေခဲ့ပြီး ကောင်းမွန်တဲ့ကိစ္စတစ်ရပ်ဖြစ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အသက် (၅၂) နှစ်အရွယ် ဂွါဒီယိုလာဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဖလား (၃) ကြိမ် ဆွတ်ခူးထားပြီး သူ့ထက် ချန်ပီယံလိဂ်ဖလားပိုမိုရရှိထားတဲ့နည်းပြဆိုလို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီ (၄- ကြိမ်) တစ်ယောက်တည်းသာ ရှိတော့တာဖြစ်ပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာက တစ်ရာသီအတွင်း ဖလား (၃) လုံးကို နှစ်ကြိမ် ဆွတ်ခူးနိုင်တဲ့ ပထမဆုံးသော နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဂွါဒီယိုလာဟာ (၂၀၀၉) ခုနှစ်က ဘာစီလိုနာမှာ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး တစ်ရာသီအတွင်း ဆုဖလား (၃) လုံးကို ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။