ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီးလူငယ်တိုက်စစ်ကစားသမားလေး ဗီနီရှပ်စ်ဟာ လီဗာပူးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ဂိုးမသွင်းခင် ကလော့ပ်ကို မျက်စိတဖက်မှိတ်ပြသွားခဲ့တယ်လို့ ရုပ်သံမှတ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။ ဒီပွဲရဲ့ ပွဲကစားချိန် (၅၉) မိနစ်မှာ ဗယ်လ်ဗာဒီရဲ့ ဖန်တီးပေးမှုကတဆင့် ဗီနီရှပ်စ်က အကောင်းဆုံး အဆုံးသတ်ခဲ့တာပါ။
အဲ့ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ်က သမိုင်းတလျှောက် (၁၄) ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကြီးနဲ့အတူ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဗီနီရှပ်စ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့နိုင်ပွဲအတွက် သူရဲကောင်းတွေထဲက တယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူသွင်းယူခဲ့တဲ့ဂိုးမတိုင်ခင် ထူးထူးဆန်းဆန်း ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။
ဗီနီရှပ်စ်ဟာ ပွဲခဏရပ်နားထားတဲ့အချိန်မှာ လီဗာပူးနည်းပြ ကလော့ပ်ကို မျက်လုံးတဖက်မှိတ်ပြခဲ့ပါတယ်။ အဲ့ဒီနောက် ကလော့ပ်နဲ့သူနဲ့ နှစ်ယောက် လက်ဝါးချင်းရိုက်ခဲ့ပြီး ပွဲပြန်လည်စတင်ချိန်မှာတော့ ဗယ်လ်ဗာဒီရဲ့ဖန်တီးပေးမှုကတဆင့် ဗီနီရှပ်စ်က အခုလိုပဲ အနိုင်ဂိုးသွင်းယူခဲ့တာပါ။
ဗီနီရှပ်စ်တယောက် ကလော့ပ်ကို မျက်စိမှိတ်ပြတဲ့ ပထမဆုံးအချိန်ကစလို့ ဂိုးသွင်းသွားတဲ့အချိန်ထိ စုစုပေါင်းကြာချိန်က (၃၇) စက္ကန့်ဝန်းကျင်သာ ကြာမြင့်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ မျိုးစုံနောက်ပြောင်နေကြပါတယ်။ ပရိသတ်တွေက “ဗီနီရှပ်စ်က သူ အနိုင်ဂိုးမသွင်းခင် ကလော့ပ်ကို နှုတ်ဆက်သွားခဲ့တာပါ”
“ကလော့ပ်က ဗီနီရှပ်စ် ကံကောင်းအောင် စွမ်းဆောင်ပေးလိုက်တာပါ” “တကယ်ကို ရူးလောက်တဲ့ အခိုက်အတန့်ပဲ” “ကလော့ပ်က မှော်ဆန်တဲ့အထိအတွေ့ရှိတာပဲ” အစရှိသဖြင့် မှတ်ချက်ပေးခဲ့ကြပါတယ်။ ဗီနီရှပ်စ်ဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး စာချုပ်သစ်ချုပ်ဆိုဖို့လည်းရှိနေပါပြီ။