မနေ့ညက ကစားခဲ့တဲ့ အယ်လ်ဟီလယ်နဲ့ အယ်လ်နာဆာတို့ရဲ့ ဆော်ဒီဘုရင့်ဖလား ဗိုလ်လုပွဲမှာတော့ အယ်လ်ဟီလယ်က ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ဒီပွဲမှာ အယ်လ်ဟီလယ်က ပွဲကစားချိန် (၇) မိနစ်ကတည်းက မီထရိုဗစ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။
ဒါပေမယ့် အယ်လ်နာဆာအတွက် ချေပဂိုးကို ပွဲကစားချိန် (၈၈) မိနစ်မှာ ရာယာက သွင်းယူခဲ့ပါတယ်။ အဲ့ဒါကြောင့် အချိန်ပို၊ ပင်နယ်တီ ဆက်ကစားခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ်မှာတော့ အယ်လ်ဟီလယ်က အနိုင်ရရှိခဲ့ပါတယ်။
အယ်လ်နာဆာအတွက် အဖွင့် ပင်နယ်တီကန်သွင်းတဲ့ အဲလက်စ်တဲလက်စ်အပါအဝင် ကစားသမားသုံးယောက် ပင်နယ်တီမဝင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း ပင်နယ်တီအဆုံးအဖြတ်အပြီးမှာ အယ်လ်ဟီလယ်က ၅-၄ ဂိုးနဲ့ အနိုင်ရပြီး ဆော်ဒီဘုရင့်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာပါ။
အယ်လ်နာဆာအတွက်ကတော့ ဒီရာသီ ဆော်ဒီပြိုင်ပွဲ (၃) ခုစလုံးမှာ အယ်လ်ဟီလယ်ကို ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဆော်ဒီစူပါဖလားဖိုင်နယ်မှာလည်း အယ်လ်ဟီလယ်က အယ်လ်နာဆာကို အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။
ဆော်ဒီပရိုလိဂ်မှာလည်း အယ်လ်ဟီလယ်ကပဲ အယ်လ်နာဆာကို အမှတ်ဖြတ် ဗိုလ်စွဲနိုင်ခဲ့ပြီး အခု ဆော်ဒီဘုရင့်ဖလားမှာလည်း အယ်လ်ဟီလယ်တို့ အယ်လ်နာဆာကို ထပ်မံ အနိုင်ယူခဲ့တာပါ။ အယ်လ်နာဆာနဲ့ ရော်နယ်ဒိုအတွက်ကတော့ ဖလားလက်မဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရတာလည်း ဖြစ်ပါတယ်။