အင်တာမိုင်ယာမီ ပရိသတ်တွေဟာ မနေ့က ဟူစတန်ဒိုင်နမိုနဲ့ ယူအက်စ်အိုးပင်းဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် မက်ဆီရဲ့ အမူအရာတွေကြောင့် ကျေနပ်အားရခဲ့ကြပါတယ်။ ဒီပွဲမှာ ဟူစတန်ဒိုင်နမိုက အင်တာမိုင်ယာမီကို ၂-၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲမှာ မက်ဆီတစ်ယောက် ဒဏ်ရာပြဿနာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် အဓိကနောက်ခံလူ ဂျော်ဒီအယ်လ်ဘာကလည်း ဒဏ်ရာကြောင့် ဒီဗိုလ်လုပွဲကို လွဲချော်ခဲ့ရတာကြောင့် အင်တာမိုင်ယာမီတို့ အရင်ပုံစံပြန်ဖြစ်ခဲ့ပြီး ပြိုင်ဘက်အသင်းကို အရေးနိမ့်ခဲ့တာပါ။
မက်ဆီဟာ ဒီပွဲမှာ ပါဝင်ကစားနိုင်ခြင်းမရှိပေမယ့် အသင်းရဲ့ပွဲစဉ်ကိုတော့ ပွဲကြည့်စင်ကနေ လာရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီလိုမျိုး ကြည့်ရှုချိန်မှာလည်း မက်ဆီက အင်တာမိုင်ယာမီအတွက် စိတ်ရော၊ ကိုယ်ပါနှစ်ပြီး အားပေးကြည့်ရှုခဲ့တဲ့ ပုံရိပ်တွေကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။
ဒီပွဲမှာ အင်တာမိုင်ယာမီကစားသမား ဂျိုးဆက်ဖ်မာတီနက်ဇ်ရဲ့ အခွင့်အရေးလွဲချော်မှုအတွက် မက်ဆီက အားမလိုအားမရဖြစ်ကာ နှမြောနေခဲ့ရတာကို ရုပ်သံကင်မရာတွေက အမိအရ ရိုက်ကူးပြသခဲ့ပါတယ်။ ဒါဟာ အသင်းနဲ့ပတ်သက်လို့ စိတ်အားထက်သန်မှုအပြည့်ရှိနေတာကို မက်ဆီတစ်ယောက် ပြသခဲ့တယ်လို့ ပရိသတ်တွေက ယုံကြည်နေပါတယ်။
ဒီပွဲမတိုင်ခင်မှာ အင်တာမိုင်ယာမီနည်းပြ မာတီနိုက မက်ဆီကို စွန့်စားပြီး ထည့်သွင်းကစားဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါသေးတယ်။ ဒါပေမယ့် တကယ်တမ်း ကစားချိန်မှာတော့ မက်ဆီက အသင်းလူစာရင်းမှာတောင် မပါဝင်လာခဲ့ဘဲ မေဂျာလိဂ်ရာသီမကုန်ခင်မှာတော့ မက်ဆီ သေချာပေါက် ပြန်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။