ဆာလာကို ရီးရဲလ်ကစားသမားတွေ လေ့ကျင့်ရေးကွင်းမှာတည်းက လှောင်ပြောင်နေခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီးသားကြယ်ပွင့်လေး ရိုဒရီဂိုက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ရတဲ့ ဆာလာကို အသင်းလေ့ကျင့်ရေးကွင်းမှာတည်းက တချိန်လုံးဟာသလုပ်ခဲ့ကြောင်း ပြန်ပြောင်းဖွင့်ဟလာခဲ့ပါတယ်။ မေ (၂၈) က ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့လီဗာပူးတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဆာလာအတွက် ရီးရဲလ်မက်ဒရစ်အပေါ် ရှုံးကြွေးတွေ ထပ်တင်ခဲ့ရပါတယ်။



(၂၀၁၈) ကိဗ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဆာလာတယောက် ရာမို့စ်ကြောင့် ပခုံးဒဏ်ရာရရှိခဲ့ပြီး စောစောစီးစီး လူစားလဲခဲ့ရပါတယ်။ အဲ့ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို ၃-၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဆာလာက ရီးရဲလ်မက်ဒရစ်ကို လက်စားချေဖို့ ပစ်မှတ်ထားခဲ့ပြီး ဒီအကြောင်းတွေကိုလည်း ဗိုလ်လုပွဲမတိုင်ခင်မှာ အမြဲတစေ ပြောကြားခဲ့ပါတယ်။

ဆာလာက “မန်စီးတီးထက်စာရင် ကျနော်က ရီးရဲလ်မက်ဒရစ်နဲ့ဗိုလ်လုပွဲမှာ တွေ့ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ သူတို့ကို ဗိုလ်လုပွဲမှာရှုံးခဲ့ဖူးလို့ဖြစ်ပြီး အခုတခါမှာတော့ သူတို့ကို ပြန်လည်အနိုင်ယူဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို အနိုင်ယူဖြတ်ကျော်လာချိန်မှာလည်း ဆာလာက “စာရင်းရှင်းစရာတွေရှိနေပြီ” လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ရိုဒရီဂိုက “လူတယောက်က ခင်ဗျားကို နှောင့်ယှက်နေတဲ့အခါကျရင် တခါတလေ ခင်ဗျား သူ့ကို အနိုင်ယူဖို့ လိုအပ်ပါတယ်။ အဲ့ဒါမှ သူ့ကို ခင်ဗျားက ဟာသပြန်လုပ်နိုင်မှာပေါ့။ ဗိုလ်လုပွဲမတိုင်ခင် ကျနော်တို့ရဲ့ လေ့ကျင့်ရေးကွင်းမှာ ‘ဆာလာ လာလေ၊ ဆာလာ လာလေကွာ’ ဆိုပြီး အမြဲပြောခဲ့၊ အမြဲတွေးခဲ့ကြပါတယ်။ အဲ့ဒီတည်းက ဆာလာကို လှောင်ဖို့ဆိုရင် ငါတို့နိုင်ကိုနိုင်ရမယ်ဆိုတဲ့ စိတ်မျိုးရှိခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က