ဂျေဒန် ဆန်ချိုဟာ တနင်္ဂနွေနေ့ညက ကာရာဘောင်းဖလားအောင်ပွဲမှာ တတိယသွင်းဂိုး သွင်းယူနိုင်ဖို့ အလွယ်တကူ ဘောလုံးပေးပို့နိုင်တဲ့အခွင့်အရေးကို လစ်လျူရှုခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကို မစနောက်ဘဲ မနေနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဝင်ဘလေကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ ဆက်တိုက်သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် တန်ဟက်လက်ထက်မှာ ပထမဆုံး ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကာစီမီရိုက ပွဲကစားချိန် မိနစ် ၃၀ ပြည့်ပြီးသိပ်မကြာခင်မှာပဲ လုခ် ရှောရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် အလွန်ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်နဲ့ ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ ပုံမှန်ခြေစွမ်း ရရှိနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်က ဘယ်တောင်ပံခြမ်းကနေ ဆွဲပြေးလာပြီး ကန်သွင်းခဲ့တဲ့ဘောလုံးဟာ ဆဗင် ဘော့တ်မန်းနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့် ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်လ် ယူနိုက်တက်အသင်းဟာ ဝင်ဘလေကွင်းမှာ မန်ချက်စတာယူနိုက်တက်ကို ခြိမ်းခြောက်မှုအနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ပြီး တန်ဟက်ရဲ့အသင်းက တော်တော်လေး သက်တောင့်သက်သာနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ ပွဲပြီးဆုံးခါနီး ၉၃ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုးရရှိမယ့် ရွှေရောင်အခွင့်အရေးကို ဖြုန်းတီးခဲ့ပြီး နယူးကာဆယ်လ်ကစားသမားတွေ ရှေ့အရမ်းတက်နေချိန်မှာ တန်ပြန်တိုက်စစ်ကနေ ဖာနန်ဒက်စ်၊ ဆန်ချိုနဲ့ မက်တော်မီနေးတို့ဟာ ဂိုးရှေ့မှာ အခွင့်အရေးကောင်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရူနို ဖာနန်ဒက်စ်ဟာ ဘယ်ခြမ်းမှာ ပင်နယ်တီဧရိယာထဲ ပြေးဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ဆန်ချိုကို ဘောလုံးပေးရမယ့်အစား ကိုယ်တိုင်ဂိုးကန်သွင်းဖို့ ကြိုးပမ်းခဲ့တာကြောင့် ကားရီးယပ်စ်က ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ ဆန်ချိုက မန်ယူနိုက်တက်ရဲ့ အောင်ပွဲခံမှုကို ရိုက်ကူးဖို့အတွက် ဆယ်လ်ဖီတုတ်တံကိုင်ရတဲ့ တာဝန်ကျခဲ့ပြီး အင်္ဂလန်ကြယ်ပွင့်ဟာ ဖာနန်ဒက်စ်နဲ့ တိုက်မိချိန်မှာ အသင်းဖော်ရဲ့ တကိုယ်ကောင်းဆန်မှုကို မဝေဖန်ဘဲ မနေနိုင်ခဲ့တာ ဖြစ်ပါတယ်။ "ဟေး နောက်တစ်ကြိမ်ကျ မင်း ဘောလုံးပေးမှာလား"လို့ ဆန်ချိုက ပြောခဲ့ပြီး ဖာနန်ဒက်စ်က အင်္ဂလန်ကြယ်ပွင့်ရဲ့ ပါးကို နမ်းပြီးနောက် "နောက်တစ်ခါကျရင်ပေးမှာပေါ့။ နောက်တစ်ခါကျရင် ပေးမယ်"လို့ ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။