တိုက်စစ်ဆင်မှု ပျက်ပြယ်သွားခဲ့ပြီးနောက် ကွင်းထဲမှာ အပြန်အလှန် စကားများခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

အန်တိုနီနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ဟာ ခရစ္စတယ် ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းအတွင်း ဘောလုံးပေးပို့မှု လွဲချော်ပြီး တိုက်စစ်ဆင်မှု ပျက်ပြယ်သွားခဲ့ပြီးနောက် ကွင်းထဲမှာ အပြန်အလှန် စကားများခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ ရမှတ်ကွာဟမှု လျှော့ချနိုင်ဖို့ မျှော်လင့်ချက်နဲ့ ဆဲလ်ဟတ်စ်ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး နောက်ထပ် နိုင်ပွဲဆက်စံချိန်ကို တိုးမြှင့်နိုင်မယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခရစ္စတယ် ပဲလေ့စ်အိမ်ကွင်းဟာ မာကျောတဲ့ ခံတပ်တစ်ခု အမြဲဖြစ်ခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ အစောပိုင်းအချိန်တွေမှာ ကြီးမားတဲ့အခွင့်အရေးတွေ တစ်ခုမှဖန်တီးနိုင်ခြင်းမရှိခဲ့ဘဲ ကစားရခက်ခဲတဲ့နေရာဆိုတာကို နောက်ထပ်တစ်ကြိမ် သက်သေပြသခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် နာရီဝက်ခန့်မှာ အန်တိုနီနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ဟာ ဘောလုံးပေးပို့ရာမှာ လွဲချော်မှုကြောင့် တိုက်စစ်ဆင်မှု ပျက်ပြယ်သွားခဲ့ပြီးနောက် စကားများခဲ့ကြတာကို တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ကင်မရာက ရိုက်ကူးမိခဲ့ပြီး ဘရာဇီးလ်တောင်ပံကစားသမားဟာ စိတ်ပျက်လက်ပျက်ပုံနဲ့ လက်တွေကို ဝှေ့ရမ်းနေတဲ့ ပေါ်တူဂီကြယ်ပွင့်ကို ပြန်လည်ဆဲဆိုခဲ့တာဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်က ပရိသတ်တွေဟာ အန်တိုနီနဲ့ ဖာနန်ဒက်စ်တို့ရဲ့ဖြစ်စဉ်ကို လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ပြီး "အန်တိုနီက ဘရူနိုကို ပူတာ(မိန်းမရွှင်)လို့ ပြောလိုက်တာလား"လို့ ပရိသတ်တစ်ဦးက ငိုကြွေးနေတဲ့ အီမိုဂျီပုံနဲ့အတူ မှတ်ချက်ပေးခဲ့ပြီး "အန်တိုနီနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ ဘောလုံးပေးပို့မှု လွဲချော်မှုအတွက်နဲ့ စကားများနေကြတယ်။ ဒီည ဆဲလ်ဟတ်စ်ပါ့ခ်က အကျယ်လောင်ဆုံးပဲ"လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။



မန်ချက်စတာယူနိုက်တက်အသင်းဟာ ဦးဆောင်ဂိုး ရရှိဖို့အတွက် ဆက်လက်ကြိုးပမ်းခဲ့ပေမယ့်လည်း ပဲလေ့စ်ကသာ အန္တရာယ်ရှိတဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေနဲ့ ဂိုးရရှိဖို့အတွက် အနီးစပ်ဆုံး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒေးဗစ် ဒဟေးယားဟာ ၄၁ မိနစ်မှာ အော့ဒ်ဆန် အေဒူရာရဲ့ ကောင်းမွန်တဲ့ ဂိုးကန်သွင်းမှုကို အကောင်းဆုံးပုံစံနဲ့ ကာကွယ်နိုင်ခဲ့လို့ ယူနိုက်တက်တို့ ဦးဆောင်ဂိုး မပေးခဲ့ရတာဖြစ်ပြီး ပွဲပြီးဆုံးခါနီး ၂ မိနစ်အလိုမှာ မန်ယူနိုက်တက်က အဲရစ်ဆင်ရဲ့ ပင်နယ်တီ ဧရိယာထဲကို ပြေးဝင်ပြီး ချိုးပေးလိုက်တဲ့ပေးပို့မှုကို ဖာနန်ဒက်က ညာခြေနဲ့ ဂိုးညာဘက်ထောင့်ကို အဆုံးသတ်နိုင်ခဲ့တာကြောင့် ၁-၀ နဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။


အဲရစ် တန်ဟက်ရဲ့အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ပဲလေ့စ်နဲ့ပွဲမှာသာ နိုင်ပွဲ ရရှိခဲ့မယ်ဆိုရင် အာဆင်နယ်နဲ့ ၆ မှတ်အကွာ အမှတ်ပေးဇယားဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့မှာဖြစ်ပေမယ့်လည်း ဒုတိယပိုင်း နာကျင်အချိန်ပို ၉၁ မိနစ်မှာ အိုလီဆေးရဲ့ အံ့အားသင့်ဖွယ် အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းမှုကြောင့် သရေ ၁ မှတ်သာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က