ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ရေးအတွက် ချန်ပီယံရှစ်ပလေးအော့ပွဲစဉ်တွေကလည်း တော်တော်လေးအကြိတ်အနယ်ရှိခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ပွဲမှာလည်း ပထမအကျော့က ရှက်ဖီးကွင်းမှာ အနိုင်ရထားတဲ့ နော်တင်ဟမ်ဖောရက်စ်တို့ အိမ်ကွင်းမှာ ၂-၁ နဲ့ အရေးနိမ့်ခဲ့တာကြောင့် အချိန်ပိုအထိကစားခဲ့ရသလို ပင်နယ်တီအဆုံးအဖြတ်ပါ ခံယူခဲ့ရပါတယ်။
ဗိုလ်လုပွဲကိုတော့ ဝင်ဘလေမှာ ကျင်းပသွားမှာဖြစ်ပြီး ဟတ်ဒါဖီးလ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ချန်ပီယံရှစ်ပလေးအော့ဗိုလ်လုပွဲဟာ ဘောလုံးပွဲတွေထဲမှာ တန်ဖိုးအကြီးမားဆုံးပွဲလို့ တင်စားခံထားရတာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ များပြားလှတဲ့ ဆုကြေးငွေတွေကို ဆွတ်ခူးနိုင်မှာလည်းဖြစ်ပါတယ်။ အနိုင်ရတဲ့အသင်းနဲ့ အရေးနိမ့်တဲ့အသင်းကြား ဆုကြေးငွေရရှိမှု ကွာခြားချက်က ပေါင်သန်း ၁၃၀ ကျော်အထိ ရှိပါတယ်။
အနိုင်ရတဲ့အသင်းဟာ တန်းတက်ပြီးနောက် တန်းပြန်မဆင်းခဲ့ရဘူးဆိုရင်လည်း ပေါင်သန်း ၂၄၀ အထိ ရရှိမယ့် အနေအထားမှာလည်းရှိနေပါတယ်။ ပရီးမီးယားလိဂ်အသင်းအနေနဲ့ ရရှိမယ့် ရုပ်သံထုတ်လွှင့်ခ၊ ၃ နှစ်တာကာလအတွင်းမှာ အသင်းအတွက် အရစ်ကျရရှိမယ့် ထောက်ပံ့ကြေး၊ တန်းတက်နိုင်တဲ့အတွက် ရရှိမယ့် ဆုကြေးငွေတွေအားလုံးပေါင်းလိုက်ရင် ဒေါ်လာသန်း ၃၀၀ ကျော်အထိကို ပိုင်ဆိုင်နိုင်မှာဖြစ်လို့ပါ။
ဒါကြောင့်လည်း ကမ္ဘာပေါ်က တန်ဖိုးအကြီးမားဆုံးပွဲလို့ သတ်မှတ်ထားကြတာဖြစ်ပြီး အနိုင်ရဖို့အတွက်လည်း ရေကုန်ရေခမ်းအားထုတ်ကြလေ့ရှိပါတယ်။ ဖောရက်စ်နဲ့ ဟတ်ဒါဖီးလ်တို့ရဲ့ ပွဲကိုတော့ မေလ ၂၉ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။