ယနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၁ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက် တိုက်ပွဲဝင်နေတဲ့ ဂွါဒီယိုလာအတွက် နောက်ထပ်ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။
ပထမပိုင်း စတင်ချိန်ကတည်းက မန်ချက်စတာစီးတီးက အိမ်ရှင် ဖောရက်စ်ကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ၈ မိနစ်မှာ ဖိုဒန်ပေးပို့လိုက်တဲ့ဘောလုံးကို ဂရီးလစ်ရှ် ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးကောင်းရခဲ့ပေမယ့်လည်း ဝေါ်ရယ်က အလွန်ကောင်းမွန်တဲ့ ပိတ်ဆို့မှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးဟာ နော်တင်ဟမ် ဖောရက်စ်ကို ဦးဆောင်နိုင်ဖို့ ပထမပိုင်း ၄၁ မိနစ်အထိ စောင့်ဆိုင်းခဲ့ရပြီး ဂရီးလစ်ရှ် ခင်းပေးလိုက်တဲ့ဘောလုံးကို ဘာနာဒို ဆေးလ်ဗားက ကန်သွင်းခဲ့ရာမှာ နားဗက်စ် ဘယ်လိုမှ ကာကွယ်ဖို့ အခွင့်အရေးမရခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာလည်း မန်ချက်စတာစီးတီးတို့ကပဲ ဂိုးသွင်းဖို့ ကြီးမားတဲ့အခွင့်အရေးတွေ အများအပြားရရှိခဲ့ပြီး နော်ဝေဂိုးသွင်းစက် ဟာလန်း အပိုင်အခွင့်အရေး ၂ ကြိမ်ကို အံ့အားသင့်ဖွယ် လွဲချော်ခဲ့တာကြောင့် စီးတီးတို့ နောက်ထပ်ဦးဆောင်ဂိုးတွေ မရရှိခဲ့တာ ဖြစ်ပါတယ်။ ၈၄ မိနစ်မှာ နော်တင်ဟမ် ဖောရက်စ်က တစ်ပွဲလုံး ကောင်းလာခဲ့တဲ့ မန်စီးတီးကို အံ့အားသင့်စေခဲ့ပြီး ဂစ်ဘ်စ်-ဝှိုက်ရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကို ခရစ္စ ဝုဒ်က ဂိုးပေါက်အလွတ်ထဲကို တစ်ချက်ထိ ပိတ်သွင်းယူပြီး နောက်ကျ ချေပဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
မမျှော်လင့်ဘဲ ချေပဂိုး ပေးခဲ့ရတာကြောင့် မန်ချက်စတာစီးတီးအသင်းသားတွေရော ကွင်းဘေးစည်းက ဂွါဒီယိုလာပါ ပျာယာခတ်သွားခဲ့ပြီး ဒီဘရိုင်းနားနဲ့ ဖိုဒန်တို့ရဲ့နေရာမှာ ယူလီယန် အယ်လ်ဗာရက်ဇ်နဲ့ နေသန် အကီတို့ကို ထည့်ခဲ့ပေမယ့်လည်း အိမ်ရှင်ဖောရက်စ်က သရေ ၁ မှတ်ရအောင် ခံကန်သွားတာကြောင့် မန်စီးတီးတို့ သရေ ၁ မှတ်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ စနေနေ့အစောပိုင်းပွဲစဉ်အဖြစ် အက်စတန် ဗီလာနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်ထက် ၁ ပွဲပို ကစားထားပြီး ၂ မှတ်အကွာမှာသာ ရပ်တည်ခဲ့ရတာဖြစ်ပြီး နော်တင်ဟမ် ဖောရက်စ်တို့က ဒီပွဲစဉ်မှာ ဂိုးပေါက်တစ်ကြိမ်သာ ကန်ခွင့်ရခဲ့ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။