မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ရဲ့ပွဲစဉ်မှာ ယူနိုက်တက် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်တစ်ယောက် ဘောကောက်ကောင်လေးကို ဘောလုံးနဲ့ ကန်မိသလိုဖြစ်သွားခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပွဲစပြီး လေးမိနစ်အတွင်းမှာတင် ဖောရက်စ်က နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပြီး ယူနိုက်တက်တို့ နောက်ကနေ လိုက်ကစားခဲ့ရတာပါ။ ယူနိုက်တက်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ အဲရစ်ဆင်၊ ကက်စ်မဲရိုးနဲ့ ဘရူနိုဖာနန်ဒက်စ်တို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်အတွက် အနိုင်ဂိုးဖြစ်စေမယ့် ဘရူနိုဖာနန်ဒက်စ်ရဲ့သွင်းဂိုးက ပင်နယ်တီကတစ်ဆင့် ရရှိခဲ့သလို ယူနိုက်တက်တို့ တစ်ယောက်အသာနဲ့လည်း ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ရပ်ရှ်ဖို့ဒ်ကတော့ ဒီပွဲရဲ့ ပွဲချိန်အတွင်းမှာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်ကာ အခုလိုပဲ ဒေါသပေါက်ကွဲရင်း အိုးထရက်ဖို့ဒ်ကွင်းအတွင်းက ဘောကောက်ကောင်လေးကို ဘောလုံးနဲ့ ကန်မိခဲ့တာပါ။
ရပ်ရှ်ဖို့ဒ်တစ်ယောက် ပြိုင်ဘက်နောက်ခံလူနဲ့ ဘောလုံးယှဉ်လုရင်း ဘောလုံးရသွားခဲ့ပေမယ့် ဒိုင်လူကြီးက ဖော်ရက်စ်ကို ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့တာကြောင့် ဒေါသထွက်ခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ဘယ်ခြေနဲ့ ဘောလုံးကို ကွင်းဘေးဘက်က ကန်ထုတ်ခဲ့ပြီး အနားမှာ ဘောကောက်ကောင်လေးကို ဘောလုံး သွားမှန်ခဲ့တာပါ။
ဒါပေမယ့် အဆိုပါ လူငယ်လေးက လျင်လျင်မြန်မြန်နဲ့ တုံ့ပြန်နိုင်ခဲ့တာကြောင့် ဘောလုံးက ချက်ကောင်းကို မထိခဲ့ပါဘူး။ အဲ့ဒီနောက်မှာလည်း ဘာပြဿနာမှမရှိဘဲ ပွဲကို ဆက်ကစားနိုင်ခဲ့ပေမယ့် သူ့ရဲ့လုပ်ရပ်အတွက်တော့ ပရိသတ်အချို့က ဝေဖန်နေကြပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီ ယူနိုက်တက် ကစားပြီးထားတဲ့ ပရီးမီးယားလိဂ်သုံးပွဲစလုံးမှာလည်း ဂိုးသွင်းယူနိုင်ခြင်းမရှိသေးပါဘူး။