စိတ်ရောကိုယ်ပါ ပျော်ရွှင်နေဖို့ အနားပေးဖို့ လိုပါတယ်။

ဖေဖေ၊မေမေတို့အနေနဲ့ အလုပ်နဲ့အိမ်မှုကိစ္စတွေအကြားပြေးလွှားနေရသလို ကိုယ်ပင်ပန်းနေချိန်မှာလည်း သားသမီးအတွက် အနားမယူရဘဲဝေယျာဝိစ္စတွေကိုလုပ်ပေးနေရတာပါ။

ဒါတွေကြောင့် စိုးရိမ်ပူပန်မှုတွေ စိတ်ဖိစီးမှုတွေနဲ့ ဘဝကိုရှင်သန်နေရသလိုခံစားရတတ်ပြီး ဒီခံစားချက်က ကလေးတွေဆီကိုပါကူးစက်သွားစေနိုင်တဲ့အတွက် ဂရုစိုက်ရမှာပါ။ ပင်ပန်းနေတဲ့ ဖေဖေ၊မေမေတွေအနေနဲ့ ကိုယ့်ရဲ့ပင်ပန်းနွမ်းနယ်မှုကိုဖြေဖျောက်ဖို့အတွက် အောက်ပါနည်းလမ်းလေးတွေအတိုင်းလိုက်နာဆောင်ရွက်ကြည့်ပါ။

ကိုယ့်ကိုကိုယ်ထားဖို့ အချိန်ပေးပါ

ကလေးကိစ္စတွေနဲ့ မလှုပ်နိုင်အောင်အလုပ်များနေပေမယ့် ကိုယ့်ကိုကိုယ်ပျော်အောင်ထားဖို့လည်း မမေ့ကြနဲ့ဦးနော်။ ဘယ်လိုအခြေအနေမှာ ဘာတွေလုပ်ရင် ပျော်ရမယ်ဆိုတာသိပေမယ့် ကလေးကိစ္စတွေကြောင့် ဘယ်လိုပျော်ရမလဲဆိုတာမေ့နေတတ်ကြပါတယ်။

ဆီကုန်ပြီးထိုးရပ်သွားတဲ့ကားလို နောက်ဆုံးခွန်အားတစက်တောင်မကျန်တဲ့အထိ အလုပ်လုပ်ပြီးမှ နားမယ်ဆိုရင်တော့ ခန္ဓာကိုယ်က အင်ဂျင်စက်ရပ်သလိုဖြစ်သွားမှာပါ။ အရင်လို အချိန်အများကြီးပေးပြီး စိတ်ပျော်အောင်မလုပ်နိုင်ရင်တောင် ကိုယ့်စိတ်ကို ခေတ္တခဏဖြစ်ဖြစ်ငြိမ်းချမ်းစေမယ့် လမ်းလျှောက်တာ၊ စကားပြောတာ၊ ရေနွေးနဲ့ရေချိုးတာ၊ အိပ်ရာထဲမှာ စာအုပ်ဖတ်တာမျိုးဖြစ်ဖြစ်တော့လုပ်သင့်ပါတယ်။

Photo: Freepik

အကူအညီတောင်းပါ

ကလေးကို ကိုယ်တစ်ယောက်တည်းထိန်းပြီး အထီးကျန်ချိန်တွေများလာမယ်ဆိုရင်တော့ ဖေဖေ၊မေမေတွေအတွက်ရော၊ ကလေးတွေအတွက်ပါ မကောင်းပါဘူး။

အရမ်းစိတ်ဖိစီးနေချိန်မျိုးမှာ သူငယ်ချင်း၊ဆွေမျိုးသားချင်းတွေကို အကူအညီတောင်းပြီး ကလေးကူထိန်းခိုင်းတာဖြစ်ဖြစ်၊ အိမ်နီးချင်းတွေရဲ့ကလေးတွေနဲ့ပေးဆော့ပြီး ကိုယ့်အတွက်ခဏနားချိန်ရအောင် ဖန်တီးတာဖြစ်ဖြစ်လုပ်သင့်ပါတယ်။ ငွေကြေးအနည်းငယ်သုံးနိုင်မယ်ဆိုရင်တော့ အိမ်အကူငှားပြီးအိမ်အလုပ်တွေကို ကူညီဖြေရှင်းဖို့အတွက် ဆောင်ရွက်တာမျိုးတွေကို လုပ်သင့်ပါတယ်။

Photo: Freepik

တရားထိုင်ပါ

ကလေးကိစ္စတွေ၊ အိမ်မှုကိစ္စတွေဆိုတာက ရှောင်ပြေးလို့ရတာမျိုးမဟုတ်ဘဲ နေ့ရက်စဉ်တိုင်းကြုံတွေ့နေရမယ့် အရာမျိုးပါ။ နေ့ရက်တွေကို အဆင်ပြေပြေကျော်ဖြတ်နိုင်ဖို့အတွက် ခန္ဓာကိုယ်ရော၊ စိတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်နေဖို့လိုပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ အချိန်အနည်းငယ်ယူပြီး တရားထိုင်ပေးပါ။ နေရာတစ်ခု၊ အချိန်တစ်ခုယူပြီး အချိန်အကြာကြီးမလုပ်နိုင်ရင်တောင် အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလုပ်ဆောင်သင့်ပါတယ်။ တရားထိုင်ခြင်းက စိတ်ခွန်အားအတွက်အကောင်းဆုံးစွမ်းအားတွေကို ပေးစွမ်းနိုင်ပါတယ်။

Photo: Freepik

ဝါသနာမှာ နှစ်မြုပ်ပါ

ကိုယ့်ဝါသနာပါတာကို လုပ်နေရချိန်မှာ အောက်ပါအကျိုးကျေးဇူးတွေကိုခံစားရစေပါတယ်။

(၁) အကောင်းမြင်စိတ်များလာခြင်း

(၂) အဆိုးမြင်စိတ်နည်းပါးခြင်း

(၃) စိတ်ဖိစီးမှုလျော့ကျခြင်း

(၄) နှလုံးခုန်နှုန်းမှန်စေခြင်း

အိမ်ပြင်ထွက်ပြီး ပန်းချီဆွဲတာ၊ အားကစားလုပ်တာ၊ စာရေးတာ စတဲ့ ကိုယ်ဝါသနာပါရာအလုပ်တစ်ခုခုကိုလုပ်စေခြင်းက အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုမျိုးကို ပြန်လည်ခံစားရစေနိုင်ပါတယ်။

သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းပါ

ကိုယ်က မိဘဖြစ်နေပြီဆိုပြီးတော့ သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းတာကို အပြစ်တစ်ခုလိုမြင်နေတာမျိုးမဖြစ်သင့်ပါဘူး။ အရာရာကို ကောင်းတူဆိုးဖက်နားလည်ပေးနိုင်တဲ့ သူငယ်ချင်းတွေနဲ့ဆုံတွေ့ချိန်က စိတ်ခွန်အားတွေကို ပြန်လည်မြှင့်တင်ပေးနိုင်ပါတယ်။

သူငယ်ချင်းတွေနဲ့ပြန်ဆုံတာမျိုးက ကာလအတန်ကြာပျောက်ဆုံးနေတဲ့ ကိုယ့်ဘဝရဲ့အတိတ်ကို ပြန်လည်ခေါ်ဆောင်သွားသလိုခံစားချက်မျိုးရစေပြီး နေ့သစ်တွေအတွက် ခွန်အားသစ်တွေရရှိစေနိုင်ပါတယ်။

Ref: Healthline

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က