ပရိသတ်တွေထပ်အားပေးဖို့ မျှော်လင့်ပါတယ်။

အိစိကွေးကတော့ ပညာရေးကို ဆုံးခန်းတိုင်အောင်လေ့လာပြီးမှ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်တော့မယ်လို့ ဆိုပါတယ်။ နောက်တစ်ကြိမ်အနုပညာအလုပ်တွေ ပြန်လုပ်တဲ့အချိန်မှာလည်း ပရိသတ်အားပေးမှုကို မျှော်လင့်နေမယ်လို့ သူကပြောပါတယ်။

Photo: Eisi Kway

အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့တဲ့ အိစိကွေးကိုတော့ ပရိသတ်တွေက အရမ်းပဲသတိရနေ ကြမယ်လို့ထင်ပါတယ်။ သူကတော့ လက်ရှိမှာ ပညာရေးကို အဓိက ဦးစားပေးဆောင်ရွက်နေတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော်အခု ကျောင်းစာတွေပဲ အဓိက လုပ်ဖြစ်နေတယ်။ နောက်လတွေဆိုရင်တော့ အနုပညာအလုပ်တော့ နည်းနည်းပြန်လုပ်ဖို့ရှိပါတယ်။ အခုကတော့ ဥပဒေ က ဒုတိယနှစ်တက်နေတယ်၊ HNC ကတော့ ပထမနှစ်၊ နောက်တစ်ခုကတော့ ကျွန်တော် DMA (Diploma in Management & Administration) လည်းတက်နေပါတယ်။ ဒီရက်ပိုင်းထဲမှာ စာမေးပွဲတွေရှိတဲ့အတွက် အနုပညာအလုပ်ဘက်ကို သိပ်ပြီးတော့ မလှည့်ဖြစ်ဘူး။ စာမေးပွဲပြီးရင်တော့ အရင်လို အလုပ်တွေ ပြန်လုပ်ဖို့ရှိပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Sue Kxit

ဒါပေမယ့် အိစိကွေးဟာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင်တော့ အနုပညာအလုပ်တွေ အနည်းငယ်ဆောင်ရွက်သွားမှာပါလို့ ဆိုပါတယ်။

‘’ လောလောဆယ်တော့ အဓိက ဦးစားပေးနေတာတော့ ကျွန်တော့်ရဲ့ ပညာရေးပေါ့နော်။ ပညာရေးကလည်း နောက်ပိုင်းကျလို့ရှိရင် အရမ်းအရေးကြီးလာပြီ။ ပညာရေးဆုံးခန်းတိုင်သွားပြီဆိုတော့မှ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်လုပ်ဖို့ စဉ်းစားထားတယ်။တခြားသော အနုပညာအလုပ် အသေးတွေလာရင်လည်း လုပ်သွားမယ်’’လို့ ပြောပါတယ်။

Photo: Eisi Kway

အိစိကွေးဟာ အနုပညာအလုပ်တွေ အားနည်းသွားပေမယ့်လည်း ပရိသတ်တွေက အားပေးနေဦးမယ်ဆိုတာကို မျှော်လင့်တယ်လို့ ပြောပါတယ်။

‘’ ပရိသတ်အားပေးမှုနည်းသွားမှာကိုတော့ စိုးရိမ်တာမျိုးမရှိဘူး။ အချိန်အတိုင်းအတာ တစ်ခုအထိတော့ ကျွန်တော် ပျောက်သွားရင် ပျောက်သွားလိမ့်မယ်။ ပညာရေးကို ဦးစားပေးမယ်၊ ကျွန်တော့်ရဲ့ လိုအပ်ချက်တွေကို ကျွန်တော် ပြန်ဖြည့်ရမယ်။ ကျွန်တော့်ရဲ့ ပုံစံအတိုင်း အချိန်အတိုင်းအတာ တစ်ခုအထိနေပြီးတော့မှ နောက်ထပ်ပုံစံတစ်မျိုးနဲ့ ပြန်ထွက်လာမယ်။ အဲဒီအတွက်လည်း အားပေးမှုနည်းသွားမှာမကြောက်ပါဘူး။ ဒီလိုပဲ မေ့နေမယ်ဆိုရင်တောင်မှ ပုံစံတစ်မျိုးနဲ့ ပြန်ထွက်လာခဲ့ရင် အရင်လိုပဲ ပြန်အားပေးကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Eisi Kway

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။ “တုနှိုင်းမရတဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးထားတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူဟာ သရုပ်ဆောင်အလုပ်နဲ့ ဂီတအလုပ်တွေကို မျှမျှတတ လုပ်ကိုင်ခဲ့တာတွေလည်းရှိပါတယ်။

Share

Loading Next Article...
က္က