အခြေခံပညာကျောင်းတွေကို မတ်လကုန်ထိတက်ရမယ်လို့ သတ်မှတ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဓာတ်ပုံတွေနဲ့ လူမှုကွန်ရက်မှာ ပုဂ္ဂိုလ်ရေးဝေဖန်ဆဲဆို တိုက်ခိုက်သူများကို ဥပဒေကြောင်းအရ စကားပြောသွားမယ်လို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောပါတယ်။
ဝန်ကြီးဌာနရဲ့ ချမှတ်လိုက်တဲ့စနစ်ကိုဝေဖန်ပြောဆိုလို့ရပေမယ့် ပုဂ္ဂိုလ်ရေးအရတော့ဝေဖန်တိုက်ခိုက်လို့မရဘူးလို့ဆိုပါတယ်။
“ ပုဂ္ဂိုလ်ရေးအရတော့ ဘယ်သူ့ကိုမှစော်ကားလို့မရဘူးလေ။ ကျွန်တော်တို့လုပ်နေတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုလို့ရတယ်။ ကျွန်တော်တို့ကလည်း အထက်ကလူကြီးတွေရဲ့ဆုံးဖြတ်ချက်အတိုင်းဆောင်ရွက်တာ။ ဒါတွေကိုတော့ ကြိုက်သလောက်ဝေဖန်လို့ရတယ်။ အခုဟာက ဝန်ကြီးပုံတွေနဲ့ လူမှုကွန်ရက်မှာ မခံချင်အောင်ဆဲနေကြတာအများကြီး။ အခုလိုလူကို သိပ်ပြီးစော်ကားလာရင်တော့ ဥပဒေအကြောင်းအရပဲ စကားပြောမှာပါ” လို့ ဦးကိုလေးဝင်းက Duwun ကိုပြောပါတယ်။
ဒီကနေ့ဇန်နဝါရီလ(၉)ရက်မှာလည်း နေပြည်တော်မှာ အခြေခံပညာဦးစီးဌာနမှ လက်ရှိထုတ်ပြန်ထားတဲ့ စာမေးပွဲအချိန်စာရင်းများနဲ့ပတ်သက်ပြီး ကြုံတွေ့ရမယ့်အခက်အခဲများ၊ ဖြေရှင်းရမယ့်နည်းလမ်းများကို အခြေခံပညာဦးစီးဌာနမှတာဝန်ရှိသူများနဲ့ တိုင်းဒေသကြီးပြည်နယ်အသီးသီးမှပညာရေးမှူးများပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲတစ်ခုကိုပြုလုပ်လျှက်ရှိနေပါတယ်။
လောလောဆယ်မှာတော့ လက်ရှိထုတ်ပြန်ထားတဲ့အချိန်စာရင်းကို ပြောင်းလဲဖို့အစီအစဉ်မရှိပေမယ့် ယခုအစည်းအဝေးရဲ့ရလာဒ်တွေကို အထက်လူကြီးတွေထံတင်ပြပြီး နောက်ထပ်ဘယ်လိုတွေလုပ်သင့်လဲဆိုတာကို စဉ်းစားသွားမယ်လို့ ဦးကိုလေးဝင်းကပြောပါတယ်။
လက်ရှိထုတ်ပြန်ချက်ကို ဝေဖန်ပြောဆိုတဲ့သူတွေလည်း လွတ်လပ်စွာဝေဖန်ပြောဆိုနိုင်ပြီး အခုလို ဒီမိုကရေစီစနစ်မှာ လူ(၁၀၀)မှာ (၁၀၀)လုံးကျေနပ်အောင်လုပ်ဖို့တော့ မဖြစ်နိုင်ဘူးလို့ ဦးကိုလေးဝင်းကပြောခဲ့ပါတယ်။
အခြေခံပညာကျောင်းတွေကို မတ်လကုန်ထိတက်ရမယ့်ကိစ္စကိုတော့ မြန်မာနိုင်ငံဆရာ၊ ဆရာမများအဖွဲ့ချုပ်အပါအဝင် ပညာရေးအဖွဲ့အစည်းအများစုကလည်း ကန့်ကွက်လျှက်ရှိနေပါတယ်။