စာချုပ်သစ်ကိစ္စအတွက် ဆာလာက ပြောကြားခဲ့တာပါ။

လီဗာပူးတိုက်စစ်ကစားသမား ဆာလာက သူ့အတွက် ပိုက်ဆံကအရာရာမဟုတ်ဘူးလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဆာလာဟာ လာမယ့် (၂၀၂၃) နွေရာသီမှာ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။



ဒီကစားသမားကို စာချုပ်သစ်ချုပ်ဆိုဖို့ လီဗာပူးက ဒီရာသီအစတည်းက ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားနဲ့ အေးဂျင့်ဖြစ်သူက တပတ်လုပ်ခ ပေါင် (၅) သိန်းနီးပါးအထိ တောင်းဆိုနေတာကြောင့် စာချုပ်သစ်ကိစ္စက ကြန့်ကြာနေရတာပါ။

လီဗာပူးတာဝန်ရှိသူတွေဟာ ဆာလာရဲ့အရေးပါမှုကို နားလည်သဘောပေါက်ထားပေမယ့် အခြားသော ကစားသမားတွေရဲ့ လစာငွေကိုပါ အကျိုးသက်ရောက်မှုရှိလာနိုင်တာကြောင့် လက်ရှိအချိန်ထိ ကြိုးစားညှိနှိုင်းဆဲဖြစ်ပါတယ်။ ဒီအချိန်မှာပဲ ဆာလာက စာချုပ်သစ်ကိစ္စအတွက် အခုလို ပြောကြားခဲ့ပါတယ်။

ဆာလာက “ကျနော် မသိသေးပါဘူး။ စာချုပ်သက်တမ်းက တနှစ်ကျန်ရှိနေသေးပြီး ပရိသတ်တွေကလည်း ကျနော် ဘာလိုချင်လဲဆိုတာကို သိမယ်ထင်ပါတယ်။ ဒါပေမယ့် စာချုပ်ထဲမှာ ပိုက်ဆံကိစ္စက အရာရာမဟုတ်ပါဘူး။ ဒီတော့ ကျနော်လည်း မသိပါဘူး။ ခင်ဗျားတို့ကို အတိအကျလည်း မပြောတတ်ပါဘူး”

“လီဗာပူးက ကျနော့်အတွက် အများကြီး အဓိပ္ပာယ်ရှိတဲ့ အသင်းတသင်းပါ။ အခြားဘယ်အသင်းမှာထက်မဆို ကျနော်က ဒီမှာ ဘောလုံးကို ပိုမိုချစ်မြတ်နိုးနိုင်ခဲ့ပြီး အသင်းအတွက်လည်း အရာအားလုံး ပေးဆပ်ခဲ့ပါတယ်။ လူတိုင်းလည်း ဒါကို မြင်ပါတယ်။ အသင်းနဲ့အတူ ချန်ပီယံဆု ဆွတ်ခူးတာ၊ တကိုယ်တော်ဂိုးတွေ၊ တကိုယ်တော်ဆုတွေလိုမျိုး မယုံနိုင်စရာ အခိုက်အတန့်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်”

“ဒီမှာက မိသားစုလိုပါပဲ။ နောက်ရာသီမှာတော့ အသင်းမှာရှိမယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် အသင်းက ကျနော့်ကို ထွက်စေချင်တယ်ဆိုရင်တော့ တခုခု အပြောင်းအလဲရှိမှာပေါ့။ ကျနော်ကတော့ မစိုးရိမ်ပါဘူး။ ကျနော့်ကိုယ်ကျနော် ကိစ္စတခုခုအတွက် စိုးရိမ်ရတာမျိုး မဖြစ်စေပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က