ပွဲကျပ်တယ်ဆိုတဲ့ ဝေဖန်မှုတွေကို ဆီဖာရင်က တုံ့ပြန်လာတာပါ။

ဘောလုံးရာသီအတွင်း ပွဲကျပ်တွေများတဲ့အပေါ် ဝေဖန်နေကြတဲ့ ထိပ်တန်းနည်းပြတွေကို ယူအီးအက်ဖ်အေဥက္ကဌ ဆီဖာရင်က ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ ပွဲစဥ်ဇယားရေးဆွဲမှုတွေအပေါ် ထိပ်တန်းအသင်းကြီးတွေရဲ့နည်းပြတွေက မကြာခဏ ဝေဖန်နေကြတာပါ။

ဒါ့အပြင် အခု နောက်ဆုံးကစားသွားတဲ့ ယူရိုနေးရှင်းလိဂ်ပွဲစဥ်တွေကလည်း ဘာအကျိုးမှမရှိတဲ့ပွဲတပွဲအဖြစ် ဂါရတ်ဘေးလ်၊ မိုဒရစ်၊ ဒီဘရိုင်းတို့က အသီးသီးဝေဖန်ခဲ့ပါတယ်။ ဒီအပေါ်မှာ ဆီဖာရင်က အခုလိုပဲ တုံ့ပြန်လာခဲ့တာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဥက္ကဌ ဆီဖာရင်က “ဖီဖာနဲ့ယူအီးအက်ဖ်အေတို့ကို တိုက်ခိုက်ဖို့ဆိုတာက အမြဲတမ်း လွယ်ကူတဲ့ကိစ္စတရပ်ပါ။ ဒါပေမယ့် ကိစ္စတွေကလည်း ရိုးရိုးရှင်းရှင်းလေးပါပဲ။ ခင်ဗျား နည်းနည်းပဲ ကစားချင်တယ်ဆိုရင် ပိုက်ဆံ နည်းနည်းပဲရမှာပေါ့။ စက်ရုံက အလုပ်သမားတွေ တလလုံးမှ ယူရို တထောင်လောက်ရတာ ဘယ်သူက စောဒကတက်တာတွေ့လို့လဲ”

“လူတိုင်းက ပိုမိုများပြားတဲ့ ဖလားပွဲတွေကို လိုချင်ကြပါတယ်။ ဒီအတွက် ဘာကိုမှလည်း မစွန့်လွှတ်ချင်ကြပါဘူး။ အသင်းတွေက ချန်ပီယံလိဂ်အုပ်စုအဆင့်မှာတင် (၁၀) ပွဲလောက် ကစားချင်နေပါတယ်။ သူတို့ (၈) ပွဲတော့ရမှာပေါ့။ ဒါက ဖြစ်သင့်တဲ့အရေအတွက်ပါ။ ပြည်တွင်းလိဂ်တွေက (၁၈) သင်းပဲရှိသင့်တာပါ။ ဒါပေမယ့် လိဂ်ဥက္ကဌတွေက သဘောမတူပါဘူး”

“ပြည်တွင်းဖလားနှစ်လုံးရှိတာက ပွဲတွေအရမ်းများလွန်းတယ်ဆိုတာကို သဘောပေါက်သင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူအီးအက်ဖ်အေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကိုတော့ ပုံစံပြောင်းကျင်းပဖို့ ပြင်ဆင်ထားပြီး လာမယ့် (၂၀၂၄) မှာ ပုံစံအသစ်နဲ့ စတင်ကျင်းပသွားမယ်လို့ ရည်ရွယ်ထားပါတယ်။ 

Share

က္က