ကူလီဘလီအတွက် ဘာစီလိုနာက ကမ်းလှမ်းခဲ့သေးတာပါ။

နာပိုလီဥက္ကဌ ဒီလော်ရန်းတစ်က သူ့ရဲ့ ကစားသမားဟောင်း ကူလီဘလီကို ဘာစီလိုနာက ခေါ်ယူဖို့ ကြိုးစားခဲ့သေးကြောင်း၊ ဒါပေမယ့် ချဲလ်ဆီးက ကမ်းလှမ်းလာချိန်မှာ မငြင်းဆန်နိုင်တော့ကြောင်း ပြောကြားလိုက်ပါတယ်။ ကူလီဘလီကို လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးက ယူရိုသန်း (၄၀) နဲ့ ခေါ်ယူခဲ့ပါတယ်။



အဆိုပါနောက်ခံလူအတွက် ဘာစီလိုနာကလည်း ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ဒီလော်ရန်းတစ်က မရောင်းချဖြစ်ခဲ့ကြောင်း အခုလိုပဲပြောပါတယ်။ “ကူလီဘလီကို ကျနော် သွားခွင့်ပြုလိုက်တာက သူကိုယ်တိုင် ထွက်ခွင့်တောင်းလာလို့ပါ။ ဘာစီလိုနာလည်း သူ့အတွက် ကမ်းလှမ်းလာပါသေးတယ်”

“ဒါပေမယ့် သူတို့မှာ ပိုက်ဆံမရှိဘူးလေ။ ဘာကြောင့်လဲဆိုတော့ အကြွေးတွေတင်နေလို့ပါ။ အဲ့ဒီနောက်မှာတော့ ချဲလ်ဆီးက ဝင်လာပြီး ကူလီဘလီအတွက် ငြင်းလို့မရတော့ပါဘူး။ ကျနော်ကတော့ သူ့ကို အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားပါသေးတယ်။ တနှစ်လုပ်ခ ယူရို (၆) သန်း ပေးမယ်ဆိုပြီးတော့ပေါ့”

“ဒါပေမယ့် ကစားသမားကိုယ်တိုင်က ကမ္ဘာ့အကြီးမားဆုံးလိဂ်မှာ၊ ဂုဏ်သိက္ခာရှိတဲ့အသင်းတသင်းမှာ အတွေ့အကြုံသစ်တွေ ရယူလိုနေပါတယ်။ ကူလီဘလီ ကျနော်တို့အတွက် စွမ်းဆောင်ခဲ့တာတွေကို အသိအမှတ်ပြုရမှာဖြစ်ပြီး ဒီအတွက် ကျနော်တို့က ပိတ်ပင်ထားလို့မရပါဘူး” လို့ ဒီလော်ရန်းတစ်က ပြောကြားခဲ့ပါတယ်။

ဒီလော်ရန်းတစ်က ဒီလိုမျိုးပြောခဲ့ပေမယ့် ဘာစီလိုနာက လက်ရှိနွေရာသီမှာ ချဲလ်ဆီးပစ်မှတ် ရာဖင်ဟာကို ကြားဖြတ်ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးနဲ့သဘောတူပြီးသား ကွန်ဒေးကိုလည်း ဘာစီလိုနာတို့ ခေါ်ယူနိုင်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

Share

Loading Next Article...
က္က