ဒီမာကို ဘာစီလိုနာတို့ နောက်ထပ် ပွဲကစားခွင့်ပေးတော့မှာမဟုတ်ပါဘူး။

ဘာစီလိုနာဟာ ရက်ဒ်ပစ်ဝီအန်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်ကစားသမားလေး ယူဆက်ဖ်ဒီမာကို အသင်းမှာ နောက်ထပ် ပွဲကစားခွင့် ပေးတော့မှာမဟုတ်ဘူးလို့ အတိအလင်းပြောကြားခဲ့ပါတယ်။ အသက် (၁၈) နှစ်သာရှိသေးတဲ့ ဒီကစားသမားလေးဟာ အသင်းအတွက် (၉) ပွဲ ကစားပေးထားပြီးဖြစ်ပါတယ်။



ကလပ်နှစ်သင်းကြား ချုပ်ဆိုထားတဲ့ စာချုပ်မှာ ဘာစီလိုနာအနေနဲ့ ဒီမာကို အပြီးသတ်ခေါ်ယူခွင့် ပါရှိပြီး အထူးသဖြင့် (၁၀) ပွဲ ကစားပြီးသွားတဲ့အချိန်မှာ နောက်ထပ် ယူရို (၁၀) သန်း ပေးချေကာ အပြီးသတ်ခေါ်ယူရတော့မှာပါ။

ဒါပေမယ့် ဘာစီလိုနာကတော့ ဒီမာကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိတာကြောင့် နောက်ထပ် ပွဲကစားခွင့် ပေးသွားတော့မှာမဟုတ်ဘဲ ဒီမာအနေနဲ့ အသင်းကနေထွက်ခွာဖို့ ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။ အဆိုပါ သြစတြီးယား ကစားသမားလေးဟာ တောက်ပတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်ထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဘာစီလိုနာကလည်း ယုံကြည်စွာနဲ့ ခေါ်ယူခဲ့တာပါ။

လတ်တလော ဘာစီလိုနာရဲ့ အနေအထားက ဘဏ္ဍာရေး တော်တော်လေး ကျပ်တည်းနေပြီး ဒီမာကို အပြီးသတ်ခေါ်ယူနိုင်မယ့် အခြေအနေလည်း မရှိပါဘူး။ ဒါ့အပြင် ဘာစီလိုနာအနေနဲ့ ကစားသမားရဲ့ ရေရှည်အလားအလာအပေါ်မှာ သံသယဝင်နေတယ်လို့လည်း ယူဆရပါတယ်။

ဘာစီလိုနာဟာ ဒီမာကို ခေါ်ယူဖို့ ငြင်းဆန်ခဲ့ပေမယ့် မန်စီးတီး တိုက်စစ်ကစားသမား ဖာရန်တောရက်စ်ကိုတော့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀) နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပါတယ်။ ဘာစီလိုနာအနေနဲ့ ဒီစပိန်ကစားသမားကိုခေါ်ယူဖို့အတွက် ဘဏ်ချေးငွေအကူအညီယူခဲ့ရတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က