ပီအက်စ်ဂျီမှာ အသင်းဖော်တွေဖြစ်ခဲ့ကြတဲ့ နေမာနဲ့ အမ်ဘာပေတို့ဟာ အင်စတာဂရမ်မှာ အပြန်အလှန် Unfollow လုပ်ခဲ့ကြပြီးဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ပီအက်စ်ဂျီမှာ အတွဲမိခဲ့သလို ပြဿနာတွေလည်း ဖြစ်ပွားခဲ့ကြဖူးပါတယ်။
အခုချိန်မှာတော့ နေမာက ပီအက်စ်ဂျီကနေ ဆော်ဒီကလပ် အယ်လ်ဟီလယ်ကို ပြောင်းရွှေ့သွားခဲ့ပြီးဖြစ်ပါတယ်။ အမ်ဘာပေကလည်း ပီအက်စ်ဂျီမှာ ဆက်ရှိနေပေမယ့် လာမယ့်နွေရာသီမှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ပြင်ဆင်ထားပါတယ်။
နေမာနဲ့ အမ်ဘာပေတို့ ပေါင်းစပ်မှုအပေါ် ပရိသတ်တွေက မျှော်လင့်ချက်ကြီးမားခဲ့ပေမယ့် ပီအက်စ်ဂျီကလည်း မက်ဆီရောက်လာသည့်တိုင် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိပါဘူး။ အခုချိန်မှာတော့ နှစ်ယောက်အကြား ဆက်ဆံရေးကတော့ ပိုမိုဝေးသထက် ဝေးသွားခဲ့ပြီးဖြစ်ပါတယ်။
နေမာဟာ အမ်ဘာပေကို အင်စတာဂရမ်မှာ Unfollow လုပ်ခဲ့ပြီး အကြောင်းအရင်းအတိအကျကိုတော့ မသိရှိရသေးပါဘူး။ ဒါပေမယ့် ထင်ကြေးပေးမှုတွေအရတော့ အမ်ဘာပေဟာ နေမာ အသင်းပြောင်းတဲ့အချိန်မှာ နှုတ်ဆက်စကား ပြောဆိုခဲ့ခြင်းမရှိဘဲ ဒီအချက်ကလည်း တစ်ခုအပါအဝင်လို့ ဆိုနေကြပါတယ်။
အမ်ဘာပေဟာ မက်ဆီ အင်တာမိုင်ယာမီကို ပြောင်းသွားချိန်မှာ ဆိုရှယ်မီဒီယာကတစ်ဆင့် နှုတ်ဆက်ခဲ့ပေမယ့် နေမာ အသင်းပြောင်းချိန်မှာတော့ မသိကျိုးကျွံပြုခဲ့တာပါ။ ပရိသတ်တွေကတော့ “ငွေကြေးနဲ့ အတ္တတွေက သူငယ်ချင်းနှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးသွားခဲ့ပြီ” လို့ မှတ်ချက်ပြုနေကြပြီး နှစ်ယောက်အကြား ဆက်ဆံရေးကတော့ ပြီးဆုံးသွားခဲ့ပြီလည်း ဖြစ်ပါတယ်။