အတ္တလန်တာဟာ သူတို့ရဲ့ တိုက်စစ်ကစားသမား ဟို့ဂျ်လန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် (၈၆) သန်းအထိ သတ်မှတ်လိုက်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဒိန်းမတ်လက်ရွေးစင်အတွက် ယူနိုက်တက်အပြင် ချဲလ်ဆီးကလည်း စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။
ဟို့ဂျ်လန်းအတွက် ယူနိုက်တက်တို့ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဒုတိယရာသီဝက်မှာကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး နည်းပြ တန်ဟက်ခ်နဲ့ ကစားသမားတို့အကြား Video Call ပြောဆိုမှုတွေ ရှိခဲ့ကြောင်းလည်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဒီသတင်းတွေကို ငြင်းဆန်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ဗဟိုတိုက်စစ်မှူးနေရာအတွက် ကစားသမားသစ်တစ်ယောက် သေချာပေါက် ခေါ်ယူမှာဖြစ်ပြီး လူငယ်ကြယ်ပွင့်ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့လည်း ပစ်မှတ်ထားနေပါတယ်။ ဒီကစားသမားကတော့ ဟို့ဂျ်လန်းဖြစ်လာနိုင်တယ်လို့ အားလုံးက ထင်မြင် သုံးသပ်နေကြပါတယ်။
အဲ့ဒါကြောင့်လည်း အသက် (၂၀) အရွယ် ဒီတိုက်စစ်မှူးအတွက် အတ္တလန်တာတို့ ပြောင်းရွှေ့ကြေး ပေါင် (၈၆) သန်း၊ ယူရိုသန်း (၁၀၀) အထိ သတ်မှတ်ခဲ့ပြီး ဒါက စိန်ခေါ်မှုကြီးမားတဲ့ ပြောင်းရွှေ့ကြေး ပမာဏတစ်ရပ်လည်း ဖြစ်ပါတယ်။ အတ္တလန်တာအသင်းတာဝန်ရှိသူတွေဟာ ဒီရက်သတ္တပတ်အစောပိုင်းမှာ အသင်းတွင်း အစည်းအဝေး ပြုလုပ်ပြီး အခုလို ပြောင်းရွှေ့ကြေးပမာဏကို သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အတ္တလန်တာအနေနဲ့ ဟို့ဂျ်လန်းနဲ့ စာချုပ်သက်တမ်း (၄) နှစ်အထိ ကျန်ရှိနေပြီး ကစားသမားကို မဖြစ်မနေ ရောင်းချရမယ့် အနေအထားမျိုးမှာ မရှိပါဘူး။ အဲ့ဒါကြောင့်လည်း စိတ်ကြိုက် ပြောင်းရွှေ့ကြေးပမာဏတစ်ရပ်ကို တောင်းခံသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး ယူနိုက်တက်တို့ ဒီပြောင်းရွှေ့ကြေးပမာဏကို ပေးချေနိုင်မလား စောင့်ကြည့်ရမှာပါ။