ဒီစျေးကွက်မှာ ဘရာဇီးလ်သားတွေချည်း ခေါ်ယူနေတာပါ။

ဂါဘရီယယ်ဂျီးဆပ်ကို ခေါ်ယူဖို့အတွက် ကလပ်အသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီးနောက် အာဆင်နယ်ဟာ ကစားသမားနဲ့လည်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ ပေါင် ၄၅ သန်း၊ ၅ နှစ်စာချုပ်နဲ့ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းအတွက် လိုအပ်နေတဲ့ တိုက်စစ်မှူးတဦးကို ခေါ်ယူအားဖြည့်နိုင်ခဲ့လို့ နည်းပြအာတီတာအတွက် စိတ်က​ျေနပ်စရာဖြစ်လာခဲ့ပါတယ်။ 

ဂျီးဆပ်က အာဆင်နယ်ရဲ့ ဒီရာသီမှာ လေးဦးမြောက်ခေါ်ယူမှုဖြစ်လာခဲ့ပြီး သူ့အရင်မှာ မတ်တာနာ၊ မာကွင်ဟို့စ်နဲ့ ဖေဘီယိုဗီအဲရာတို့ကို ခေါ်ယူထားခဲ့တာပါ။ ဂျီးဆပ်နဲ့ အလုံးစုံသဘောတူညီမှုတွေရခဲ့ပြီးနောက် အာဆင်နယ်က ချက်ချင်းဆိုသလိုပဲ လိဒ်ယူနိုက်တက်ရဲ့ တိုက်စစ်အားသန်ကစားသမား ရာဖင်ဟာကို ဆက်သွယ်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

အာဆင်နယ်ခေါ်ယူထားပြီးတဲ့ ကစားသမားသစ် ၄ ဦးမှာ ၂ ဦးက ဘရာဇီးလ်သားတွေဖြစ်ပြီး အခုတခါ နောက်ထပ်ဘရာဇီးလ်သားတဦးကို ခေါ်ယူဖို့လုပ်ဆောင်နေတာပါ။ ရာဖင်ဟာကို ဘာစီလိုနာကလည်း စိတ်ဝင်စားနေပြီး ကစားသမားက စပိန်ကလပ်ကမ်းလှမ်းမှာကို စောင့်ဆိုင်းနေပေမယ့် ဘဏ္ဍာရေးအခြေအနေအရတော့ ခေါ်ယူနိုင်ဖို့ရာ အခက်တွေ့နေပါတယ်။ 

ဒီအချက်က အာဆင်နယ်အတွက် အခွင့်အရေးတခုတော့ ဖြစ်လာမှာပါ။ အာဆင်နယ်ရဲ့ အားကစားဒါရိုက်တာက ဘရာဇီးလ်သားအီဒူးဖြစ်နေတာကလည်း ဘရာဇီးလ်သားတွေကို ခေါ်ယူဖို့ရာ ပိုမိုလွယ်ကူနေဟန်ရှိပါတယ်။ လက်ရှိအာဆင်နယ်အသင်းမှာလည်း ဘရာဇီးလ်သားတွေအဖြစ် နောက်ခံလူဂါဘရီရယ်၊ တိုက်စစ်ကစားသမား မာတင်နယ်လီ၊ လူငယ်တိုက်စစ်မှူးသစ် မာကွင်ဟို့စ်နဲ့ အခုရောက်ရှိလာမယ့် ဂျီးဆပ်တို့ ရှိနေကာ ရာဖင်ဟာပါ ရောက်လာမယ်ဆိုရင် ဘရာဇီးလ်သား ၅ ဦးအထိဖြစ်လာမှာပါ။ 

ငွေကြေးသာတတ်နိုင်မယ်ဆိုရင် အာဆင်နယ်က ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကိုပါ ခေါ်ယူချင်ခေါ်ယူနေမှာလို့ ပရိသတ်တချို့က ရယ်ပွဲဖွဲ့နေပါတယ်။ နေမာကလည်း ပီအက်စ်ဂျီမှာ အနာဂတ်မတည်မငြိမ်ဖြစ်နေပြီး ပေါင် ၇၆ သန်းနဲ့ ပြင်သစ်ကလပ်က ရောင်းထုတ်မယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။ 

Share

Loading Next Article...
က္က