ဘာစီလိုနာ လူခေါ်နေတဲ့အပေါ် နာဂယ်လ်စမန်းက အံ့အားသင့်ခဲ့ရတာပါ။

ဘာစီလိုနာဥက္ကဌ လာပေါ်တာက သူ့အသင်းနဲ့ပတ်သက်လို့ ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်လ်စမန်းရဲ့မှတ်ချက်အပေါ် ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ ဘာစီလိုနာဟာ လက်ရှိနွေရာသီစျေးကွက်မှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ယူရိုသန်း (၅၀) နဲ့ ခေါ်ယူခဲ့ပါတယ်။



ဘာစီလိုနာဟာ ဘဏ္ဍာရေးပြဿနာတွေကြောင့် အသင်းမှာရှိပြီးသားကစားသမားတွေကိုတောင် လစာအပြည့်ပေးချေနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် အပြောင်းအရွှေ့မှာတော့ လိုချင်တဲ့ကစားသမားကို လိုသလို ပေးခေါ်နေပြီး အခုချိန်မှာလည်း သူတို့ရဲ့ ဒီနွေရာသီအပြောင်းအရွှေ့အသုံးစရိတ်က ယူရိုသန်း (၁၅၀) ဝန်းကျင်ရှိလာခဲ့ပါပြီ။

ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်လ်စမန်းကတော့ ဘာစီလိုနာအနေနဲ့ ပိုက်ဆံမရှိဘဲ အခုလိုပဲ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်နေတဲ့အပေါ် အံ့အားသင့်ရကြောင်း လီဝန်ဒေါစကီးကို ရောင်းချပြီးတဲ့နောက်မှာ မှတ်ချက်ပေးခဲ့တာပါ။ ဒီအပေါ်မှာ ဘာစီလိုနာဥက္ကဌ လာပေါ်တာက “ကျနော့်အနေနဲ့ နာဂယ်လ်စမန်းကိုပြောချင်တာကတော့ ခင်ဗျားတို့ ကိုယ့်ဘဏ်အကောင့်တွေကိုသာ အာရုံစိုက်ဖို့ပါပဲ”

“ဘာလို့လဲဆိုတော့ သူတို့က လီဝန်ဒေါစကီးအတွက် သိပ်ကိုကောင်းတဲ့ ပမာဏတခုရထားတယ်လေ။ အံ့အားသင့်နေတဲ့သူတွေကို ပြောချင်တာကတော့ ကျနော်တို့က အပြောင်းအရွှေ့စျေးကွက်ထဲမှာ အရမ်းကို သွက်လက်နေပြီး စျေးကွက်ထဲမှာရှိနေဆဲဆိုတာပါပဲ။ နောက်ပြီး အံ့အားသင့်စရာတွေလည်း ထပ်လာဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာ ခရစ္စတန်ဆန်၊ ကက်ဆီ၊ လီဝန်ဒေါစကီး၊ ရာဖင်ဟာနဲ့ ကွန်ဒေးတို့ကို ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေကို မှတ်ပုံတင်ဖို့အတွက် အသင်းမှာရှိပြီးသား ကစားသမားတွေကို ရောင်းချဖို့ လိုအပ်နေဆဲပါ။ ဒီအကြောင်းကိုလည်း လာလီဂါဥက္ကဌ တီဘက်စ်က ပြောကြားထားပြီး ဘာစီလိုနာအနေနဲ့ ဘယ်လိုမျိုးရှေ့ဆက်သွားမလဲ ပရိသတ်တွေကလည်း စိတ်ဝင်စားနေပါတယ်။ 

Share

Loading Next Article...
က္က