ပီအက်စ်ဂျီကတော့ ပိုက်ဆံရရင် ဘယ်အသင်းကိုမဆို ရောင်းထုတ်သွားမှာပါ။

ပီအက်စ်ဂျီဟာ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေကို လက်ရှိနွေရာသီမှာ အသင်းကနေ ရှင်းထုတ်နိုင်ဖို့ ပစ်မှတ်ထားနေပြီး သူ့ကို ရောင်းချဖို့အတွက် ဆော်ဒီကလပ် အယ်လ်ဟီလာရဲ့ ကမ်းလှမ်းမှုကိုလည်း လက်ခံလိုက်ပြီလို့ သတင်းထွက်နေပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း (၁) နှစ်သာ ကျန်ရှိတော့တာပါ။



အမ်ဘာပေအနေနဲ့ ပီအက်စ်ဂျီကနေ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ပြင်ဆင်နေတာကြောင့် ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေး သတ်မှတ်ပြီး ရောင်းထုတ်ဖို့ ချက်ချင်း ပြင်ဆင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူ့အတွက် အယ်လ်ဟီလာက ပြောင်းရွှေ့ကြေး ပေါင် (၂၅၉) သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး ကစားသမားကို တစ်ပတ်လုပ်ခ ပေါင် (၁၁) သန်းကျော် ပေးချေသွားမယ်လို့ သိရှိရပါတယ်။

ပီအက်စ်ဂျီဘက်ကလည်း အမ်ဘာပေအတွက် ကမ်းလှမ်းမှုကို လက်ခံထားပြီးပြီလို့ သိရှိရပြီး ကစားသမားနဲ့ ဆော်ဒီကလပ်အကြား သဘောတူညီမှု ရရှိဖို့သာ ကျန်တော့တာပါ။ ဂျာနယ်လစ်ဆိုဟီကိုက “အယ်လ်ဟီလာရဲ့ ကမ်းလှမ်းမှုက ပီအက်စ်ဂျီတို့ လက်ခံရရှိခဲ့တဲ့ တစ်ခုတည်းသော ကမ်းလှမ်းမှု မဟုတ်ခဲ့ပါဘူး။ အမ်ဘာပေအတွက် ဈေးကွက်ထဲမှာ အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်”

“အသင်းပေါင်းများစွာက သူ့ကို စိတ်ဝင်စားခဲ့ပြီး ပီအက်စ်ဂျီကတော့ ဘယ်သူပဲ လာကမ်းလှမ်းပါစေ၊ နားထောင်လို့ လုပ်ခဲ့တာပါ။ နောက်ပြီး အမ်ဘာပေ ဘယ်ကိုပဲရောက်ရောက်၊ သူတို့ စိတ်မဝင်စားပါဘူး။ ဘာခံစားချက်မှလည်း မရှိပါဘူး။ ပီအက်စ်ဂျီအတွက်က ပိုက်ဆံရရင် ပြီးရောဆိုတာမျိုးပါပဲ။ အငှားနဲ့ ကမ်းလှမ်းရင်တောင် သူတို့က နားထောင်ဖို့ ပြင်ဆင်ခဲ့ပြီးသားပါ”

“ဒါပေမယ့် ပီအက်စ်ဂျီကတော့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးကိုပဲ လိုချင်ပါတယ်။ ဘယ်အသင်းကမှလည်း အယ်လ်ဟီလာရဲ့ ကမ်းလှမ်းမှုကို လိုက်မမီနိုင်ပါဘူး။ ဘယ်ကမ်းလှမ်းမှုကိုမဆို နားထောင်မယ်လို့ ပီအက်စ်ဂျီတို့ ပြောတာက ရီးရဲလ်မက်ဒရစ်ကို တမင်ဇောချွေးပြန်စေတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က