အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်အသင်းဟာ ဖိလစ်ပိုင် အသင်းကို သုံးဂိုး နှစ်ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။ ဒီနေ့ (ဒီဇင်ဘာ ၁၈ ရက်) ညပိုင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ မြန်မာအသင်းက အသင်းခေါင်းဆောင် မောင်မောင်လွင် ဦးဆောင်ခဲ့ပြီး သန်းပိုင်၊ ဟိန်းထက်အောင်၊ လှိုင်းဘိုဘို စတဲ့ ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဖိလစ်ပိုင်အသင်းကလည်း စပိန်၊ ဆွီဒင်၊ ဖင်လန် စတဲ့ ဥရောပ ကလပ်တွေမှာ ကစားနေတဲ့ ကစားသမား အများစု ပါဝင်ခဲ့ပါတယ်။

Photo: AFF

ဖိလစ်ပိုင်အသင်းက မြန်မာအသင်းကို ခြေစွမ်းအသာနဲ့ ဖိအားပေးကစားပြီး ပထမပိုင်းမှာတော့ တိုက်စစ်မှူး ဘီနိဗ်က သုံးဂိုး သွင်းယူကာ သုံးဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မြန်မာအသင်းက လူစားလဲမှု ပြုလုပ်ကာ ကစားပုံ အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ြ မန်မာအသင်းအတွက် လူစားဝင်တိုက်စစ်မှူး ထက်ဖြိုးဝေက နှစ်ဂိုး ပြန်လည်ချေပနိုင်ခဲ့တဲ့အတွက် ပွဲအပြီးမှာ ဖိလစ်ပိုင်ကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Photo: AFF

မြန်မာအသင်းက ဆူဇူကီးပြိုင်ပွဲသမိုင်းတလျောက် ၂၀၀၂ ခုနှစ် နောက်ပိုင်းမှာ ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခြင်း မရှိတော့ဘဲ ၂၀၁၂ တွင် နှစ်ဂိုး ဂိုးမရှိ၊ ယခုနှစ်တွင် သုံးဂိုး နှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဆူဇူကီးပြိုင်ပွဲ အုပ်စု (က) အခြားပွဲစဉ်မှာတော့ ထိုင်းအသင်းက အိမ်ရှင် စင်ကာပူအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အာဆီယံဆူဇူကီးပြိုင်ပွဲ အုပ်စုပွဲစဉ်အားလုံးပြီးချိန်မှာတော့ မြန်မာပါဝင်တဲ့ အုပ်စု(က)မှာ ထိုင်းအသင်းက ရမှတ် ၁၂ မှတ် အုပ်စု ပထမနဲ့ စင်ကာပူအသင်းက ၉ မှတ် အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။ မြန်မာအသင်းကတော့ အုပ်စုပွဲစဉ်အားလုံးအပြီးမှာ ရမှတ် သုံးမှတ်သာ ရရှိပြီး အုပ်စု စတုတ္ထနေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့အတွက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။

Share

က္က