ဖိလစ်ပိုင်နိုင်ငံကို စူပါတိုင်ဖွန်းမုန်တိုင်း ယနေ့ (ဒီဇင်ဘာ ၁၆ ရက်) ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူဦးရေ ထောင်ပေါင်းများစွာ နေအိမ်နဲ့ ကမ်းခြေအပန်းဖြေစခန်းတွေကနေ ထွက်ပြေးကြရပါတယ်။
စူပါတိုင်ဖွန်း Rai ဟာ ကမ်းရိုးတန်းဒေသကို ကုန်ရထားတစ်စင်းကဲ့သို့ ဖြတ်သန်းတိုက်ခတ်သွားနိုင်ကြောင်း သတိပေးထားပါတယ်။ Rai ဟာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၂၁ မိုင်ဖြင့် ယနေ့ မွန်းလွဲပိုင်းက နိုင်ငံတောင်ပိုင်း Siargao ကျွန်းကို စတင်ဝင်ရောက်ခဲ့ကြောင်း ဖိလစ်ပိုင် မိုးလေဝသဌာနက သတင်းထုတ်ပြန်ပါတယ်။ Reuters သတင်းမှာဖော်ပြမှုအရ စူပါတိုင်ဖွန်း Rai ဟာ ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို မဝင်ရောက်မီ Category 5 အဆင့်အထိ အားအကောင်းဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ယခု မုန်တိုင်းဟာ သဘာဝဘေးအန္တရာယ်ဒဏ်သင့်နေတဲ့ ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်တဲ့ အားအကောင်းဆုံး မုန်တိုင်းလည်းဖြစ်လာပါတယ်။ "ဒီမုန်တိုင်းကြီးက ကြောက်စရာကောင်းပြီး ကမ်းရိုးတန်းဒေသခံတွေကို ကုန်ရထားတစ်စင်းလို ခြိမ်းခြောက်နေပါတယ်" လို့ ဖိလစ်ပိုင်ရှိ International Federation of Red Cross and Red Crescent Societies အကြီးအကဲ Alberto Bocanegra က ပြောပါတယ်။ ရာသီဥတုပြောင်းလဲမှုက တိုင်ဖွန်းမုန်တိုင်းတွေကို ပိုမိုအားကောင်းပြင်းထန်စေပြီး မခန့်မှန်းနိုင်ဖြစ်လာမှုအပေါ် အလွန်စိုးရိမ်ပူပန်ကြောင်းလည်း ၎င်းကဆိုပါတယ်။
စူပါတိုင်ဖွန်း Rai ကြောင့် အဖျက်စွမ်းအား အလွန်ကြီးမားတဲ့ လေပြင်းတိုက်ခတ်မှုတွေဖြစ်ပေါ်ကာ အဆောက်အအုံတွေနဲ့ အပင်များ အကြီးအကျယ်ကနေ အလွန်အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေနိုင်တယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။ လေပြင်းတိုက်ခတ်မှုနဲ့အတူ ရေကြီးမှုတွေနဲ့ မြေပြိုမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။
ပစိဖိတ်သမုဒ္ဒရာတစ်လျှောက် မုန်တိုင်းတိုက်ခတ်နေခဲ့တာကြောင့် လူဦးရေ ၃၀၀,၀၀၀ ကျော် အရေးပေါ် ခိုလှုံရေးစခန်းတွေကို ရွှေ့ပြောင်းနေကြကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနက ပြောပါတယ်။ မုန်တိုင်းလမ်းကြောင်းရှိ နေရာဒေသတွေမှာ မုန်တိုင်းဝင်တဲ့နေ့အထိ ရွှေ့ပြောင်းမှုများ လုပ်ဆောင်နေကြဆဲလို့ ဆိုပါတယ်။
ဖိလစ်ပိုင်မှာ စူပါတိုင်ဖွန်းအန္တရာယ်ရှိတာကြောင့် လေကြောင်းခရီးစဥ် အများအပြားကို ဖျက်သိမ်းခဲ့ပြီး ဆိပ်ကမ်းအရေအတွက် ဒါဇင်နဲ့ချီ ယာယီပိတ်ထားခဲ့ပါတယ်။ မြေနိမ့်ဒေသ ကမ်းရိုးတန်းတစ်လျှောက် မုန်တိုင်းဒီရေများ ပေအတော်များများ မြင့်တက်လာနိုင်ပြီး အသက်အန္တရာယ်ရှိတဲ့ ရေကြီးမှုတွေဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားပါတယ်။
စူပါတိုင်ဖွန်း Rai တိုက်ခတ်မှုကြောင့် မိုးသည်းထန်မှု၊ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နိုင်ပြီး ကြိုတင်ပြင်ဆင်ထားကြရန် အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ဖိလစ်ပိုင်ကို နှစ်စဥ် ဇူလိုင်လနဲ့ အောက်တိုဘာလအတွင်း မုန်တိုင်းများ ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး စူပါတိုင်ဖွန်း Rai ဟာ ယခုနှစ် တိုင်ဖွန်းရာသီမှာ နောက်ကျတဲ့ မုန်တိုင်းတစ်ခု ဖြစ်ပါတယ်။
Rai ဟာ စက်တင်ဘာလနောက်ပိုင်း ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်တဲ့ ဒုတိယမြောက် စူပါတိုင်ဖွန်းဖြစ်ပြီး မုန်တိုင်းကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ စက်တင်ဘာလအတွင်းက ဖိလစ်ပိုင် လူဇွန်ကျွန်းကို Chanthu စူပါတိုင်ဖွန်း ဖြတ်သန်းတိုက်ခတ်ခဲ့ကြောင်း AFP က ဖော်ပြပါတယ်။
Photo and Graphic: AFP, EPA-EFE